ရွှေ့ပြောင်းဝင်ရောက်သူတွေ စံချိန်တင် စီးဝင်ပြီးနောက် မော်ရိုကိုကို စပိန် ဖိအားပေး 

ရွှေ့ပြောင်းဝင်ရောက်သူတွေ စံချိန်တင် စီးဝင်ပြီးနောက် မော်ရိုကိုကို စပိန် ဖိအားပေး 
Photo - AFP

မေ ၁၉

မော်ရိုကိုဖက်ကနေ စံချိန်တင် ရွှေ့ပြောင်းဝင်ရောက်သူ ၈၀၀၀ နီးပါး စပိန်ကမ်းခြေတွေဆီ ဝင်ရောက်လာပြီးနောက်မှာ စပိန်နိုင်ငံဟာ တရားဥပဒေ စိုးမိုးရေးကို သံန္ဒိဌာန်ချရင်း မော်ရိုကိုကို သံတမန်နည်းအရ ဖိအားပေးလာခဲ့ပါတယ်။ 

အနောက်ဆာဟာရဒေသနဲ့ ပတ်သက်လို့ နိုင်ငံရေး မသင့်မမြတ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံမှုလည်း တင်းမာနေဆဲအချိန်မှာ မော်ရိုကိုလုံခြုံရေးတပ်တွေ မျက်ကွယ်ပြုထားတာကြောင့် ရွှေ့ပြောင်းဝင်ရောက်သူ ထောင်ပေါင်းများစွာ စပိန်ကမ်းခြေတွေဆီ ဝင်ရောက်လာခဲ့တာအတွက် မော်ရိုကို သံအမတ်ကြီးကို သမ္မန်ဆင့်ခေါ်ပြီး စပိန်နိုင်ငံခြားရေးဝန်ကြီးက မကျေနပ်ချက်ကို ဖော်ပြခဲ့ပါတယ်။ 

“နယ်စပ်ထိန်းချုပ်မှုဆိုတာ စပိန်ရော မော်ရိုကိုအတွက်ပါ ပူးတွဲ တာဝန်ခံရမှု ရှိနေတယ်ဆိုတာကို ကျွန်မက သံအမတ်ကြီးကို သတိပေးခဲ့ပါတယ်”လို့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ အာရန်ချာဂွန်ဇာလက်လာယာက သတင်းထောက်တွေကို ပြောပါတယ်။ 

မရှေးမနှောင်းမှာပဲ မော်ရိုကို နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း စပိန်က သူ့ သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့တယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။ 

သေးငယ်တဲ့ ကျွန်းစုအတွက် ဒုက္ခဖြစ်စေတဲ့ စံချိန်တင် ရွှေ့ပြောင်းဝင်ရောက်သူတွေ အခုလို စီးဝင်လာပြီးတဲ့နောက်မှာ စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ်က စူးတာမြို့ဆီ သွားရောက်ခဲ့ပါတယ်။ 

“ဒီမြို့နဲ့ ကျွန်တော်တို့ရဲ့ နယ်စပ်တစ်လျှောက်မှာ ဖြစ်နိုင်သမျှ မြန်မြန် တရားဥပဒေ စိုးမိုးအောင် ကျွန်တော်တို့ လုပ်ဆောင်သွားမယ်”လို့ ဆန်ချက်ဇ်က စိတ်ပိုင်းဖြတ်ပြောဆိုပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ အရှေ့ဖက် မိုင် ၂၅၀ ခန့်က စပိန်ကမ်းရိုးတန်းနယ်မြေတစ်ခုဖြစ်တဲ့ မီလီလာအရပ်ဆီ သွားရောက်ဖို့လည်း ရှိနေပါတယ်။ 

တနင်္လာနေ့ နံနက်ပိုင်းကစလို့ စူးတာမြို့ဆီ ရွှေ့ပြောင်းဝင်ရောက်သူ ၈၀၀၀ နီးပါး ရောက်ရှိခဲ့တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပေမယ့် ဒီအရေအတွက်ရဲ့ တစ်ဝက်လောက်ကို မော်ရိုကိုဆီ ပြန်လည်ပို့ဆောင်ပြီး ဖြစ်ပါတယ်။ 

လုံခြုံရေးအင်အား ၂၀၀ တပ်ဖြန့်ထားပြီးတဲ့ အဲဒီ မြို့မှာ နောက်ထပ်ရဲအင်အား ၅၀ ကို စေလွှတ်မှာ ဖြစ်ပြီး အရန်အင်အား ၁၅၀ ကိုလည်း အသင့်ထားရှိသွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ 

တစ်ရက်ကို ၂၄ နာရီလုံး ဆောင်ရွက်မယ့် ရွှေ့ပြောင်းဝင်ရောက်သူတွေ မော်ရိုကိုဆီ ပြန်လည်ပေးပို့မယ့် လုပ်ငန်းစနစ်တစ်ရပ်ကိုလည်း ဖော်ဆောင်ထားပြီလို့ စပိန်အစိုးရ ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required