ပါကစ္စတန် ကျောင်းအစုလိုက်အပြံုလိုက်သတ်ဖြတ်မှုတွင် ပါ၀င်ခဲ့သည့် စစ်သွေးကြွ ၄ယောက်ကို ကြိုးပေးကွပ်မျက်

ပါကစ္စတန် ကျောင်းအစုလိုက်အပြံုလိုက်သတ်ဖြတ်မှုတွင် ပါ၀င်ခဲ့သည့် စစ်သွေးကြွ ၄ယောက်ကို ကြိုးပေးကွပ်မျက်

ပက်ရှဝါ၊ ဒီဇင်ဘာ-၂ ။             ။ ပါကစ္စတန်နိုင်ငံတွင် ဒီဇင်ဘာ ၂ ရက်နေ့က အနောက်မြောက်ပိုင်း ပက်ရှဝါမြို့မှ ကျောင်းတစ်ကျောင်းတွင် တာလီဘန်တို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့်  ဆက်နွယ်နေသည့် စစ်သွေးကြွ ၄ဦးကို ကြိုးပေးခဲ့ရာ လူပေါင်း ၁၅၀ကျော်ကို သတ်ဖြတ်ပစ်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုတွင် ပြစ်မှုထင်ရှားသူများကို ပထမဆုံးအကြိမ် သုတ်သင်ကွပ်မျက် လိုက်ခြင်းပင် ဖြစ်သည်။

APS ကျောင်းတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ စစ်သွေးကြွ ၄ ယောက်ကို ဒီနံနက်မှာပဲ ခိုဟတ်အကျဉ်းထောင်မှာ ကြိုးပေးခဲ့ပါတယ်ဟု ပက်ရှဝါ ရဲအရာရှိတစ်ယောက်က အေအက်ဖ်ပီသို့   ပြောကြားခဲ့သည်။

ထို၄ယောက်အား မကြာမီကွပ်မျက်တော့မည်ဖြစ်ကြောင်း အတည်ပြုသည့် ကြိုးမိန့်ကို စစ်တပ်က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

ထောင်အရာရှိတစ်ယောက်ကလည်း ကြိုးပေးကွပ်မျက်ပြီးကြောင်း အတည်ပြုပြောကြားခဲ့ပြီး စစ်သွေးကြွများမှာ အင်္ဂါနေ့ညတွင် ၎င်းတို့၏ မိသားစုဝင်များနှင့် နောက်ဆုံးတွေ့ဆုံခဲ့သည်ဟု ဆိုသည်။

ပက်ရှဝါရှိ စစ်တပ်ပိုင်ကျောင်းတွင် တာလီဘန်သေနတ်သမားများက တိုက်ခိုက်ခဲ့ပြီး တစ်နှစ်အကြာတွင် စစ်သွေးကြွများကို ကြိုးပေးခဲ့ခြင်းပင် ဖြစ်သည်။ နိုင်ငံ့သမိုင်းတွင် လူသေဆုံးမှုအများဆုံး အစွန်းရောက်များ၏ တိုက်ခိုက်မှုဖြစ်ပြီး သေဆုံးသူအများစုမှာ ကလေးသူငယ်များဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် နဂိုက မတည်မငြိမ်နှင့် ကြောက်လန့်နေခဲ့ရသည့် ပါကစ္စတန် တစ်ဝန်းတွင် တုန်လှုပ်ခြောက်ခြား ဒေါသထွက်ခဲ့ကြရပြီး စစ်ခုံရုံးများ ထူထောင်ဖွင့်လှစ်ကာ၊ ခြောက်နှစ်တာ ဆိုင်းငံ့ထားခဲ့သည့် သေဒဏ်ကိုလည်း ပြန်လည် အသုံးပြုခြင်းဖြင့် အစွန်းရောက်ဝါဒကို ဖြိုခွဲမှုများ အရှိန်အဟုန် မြင့်လာခဲ့သည်။ ကြိုးပေးပြီးမကြာမီတွင် ရုပ်အလောင်းများကို မိသားစုများထံသို့   ပြန်လည်လွှဲအပ်သွားမည်ဟု ခိုဟတ်ရဲအရာရှိက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly