အိန္ဒိယ နယ်စပ်ပြည်နယ်တွင် ရောက်ရှိခိုလှုံနေသည့် မြန်မာနိုင်ငံသားဦးရေ ၁၅,၀၀၀ ကျော်အထိ ရှိနေ

အိန္ဒိယ နယ်စပ်ပြည်နယ်တွင် ရောက်ရှိခိုလှုံနေသည့် မြန်မာနိုင်ငံသားဦးရေ ၁၅,၀၀၀ ကျော်အထိ ရှိနေ

မေ ၁၉

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံဘက်သို့ ရောက်ရှိခိုလှုံနေသည့် မြန်မာနိုင်ငံသားဦးရေသည် ၁၅,၀၀၀ ကျော်အထိ ရှိနေပြီဖြစ်ကြောင်း အိန္ဒိယအစိုးရအရာရှိတစ်ဦးက မေလ ၁၈ ရက်တွင် ပြောကြားလိုက်သည်။ ထို့ပြင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံ၏ ဒေသအချို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်နှင့်အတူ နောက်ထပ် မြန်မာနိုင်ငံသားများလည်း နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယသို့ ၀င်ရောက်ခိုလှုံဖွယ် ရှိနေသည်။

မြန်မာနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယ အရှေ့မြောက် မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံသားများ ၀င်ရောက်မှုက ဖေဖေါ်၀ါရီလကုန်ပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်သူများအပေါ် ဖိနှိပ်ရန် ကြိုးပမ်းသည့် အာဏာသိမ်းစစ်အုပ်စု၏ အမိန့်ညွှန်ကြားချက်များကို လိုက်နာရမည့်အရေးမှ ရှောင်ရှားရန် ရဲ၀န်ထမ်းများ အိန္ဒိယဘက်သို့ ထွက်ပြေးခဲ့ကြသည်။

ဧပြီလ မတိုင်မီအထိ ဥပဒေပြု အမတ်တစ်ချို့အပါအ၀င် မြန်မာနိုင်ငံဘက်မှ လူပေါင်း ၁,၈၀၀ ခန့် နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယဘက်သို့ ရောက်ရှိထားခဲ့ပြီး ထို့နောက် အဆိုပါ အရေအတွက်သည် ယခုအခါ ၁၅,၄၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း မီဇိုရမ်ပြည်နယ် စီမံကိန်းရေးဆွဲမှု ဘုတ်အဖွဲ့ ဒုဥက္ကဋ္ဌ အိတ်ရှ် ရမ်မာဝီက ပြောသည်။

“အရေအတွက်က တစ်နေ့ထက် တစ်နေ့ တိုးလာနေပါတယ်” ဟု ရမ်မာဝီက ပြောသည်။

မြန်မာနိုင်ငံမှ လူအများအပြားသည် ဆွေမျိုးများ၏ နေအိမ်များသို့ သွားရောက်နေခဲ့ကြသည့်အတွက် အရေအတွက်ကို အတိအကျ ထောက်လှမ်းရန် ခက်ခဲခဲ့ကြောင်းလည်း ၎င်းက ပြောသည်။

မီဇိုရမ်နှင့် မြန်မာနိုင်ငံ၏ ဒေသဧရိယာတစ်ချို့ရှိ လူအစုအဖွဲ့များသည် မျိုးနွယ်စုဆိုင်ရာ ချိတ်ဆက်ပတ်သက်မှုများ ရှိနေခဲ့သည်။

မြန်မာနိုင်ငံမှ လူပေါင်း ၆,၀၀၀ ခန့်သည် မီဇိုရမ်၏ မြို့တော် အိုက်ဇောလ်တွင် ရှိနေကြပြီး တစ်ခြားလူများမှ ခရိုင်ငါးခုတွင် ပြန့်ကျဲ ရောက်ရှိနေကြောင်း သိရသည်။

ဒေသခံများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ၎င်းတို့အား ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် ပြည်နယ်အစိုးရသည်လည်း ဖက်ဒရယ် အာဏာပိုင်များထံမှ အကူအညီ တောင်းထားကြောင်း ရမ်မာဝီက ပြောသည်။

“ဆေးဘက်ဆိုင်ရာ အကူအညီတွေနဲ့ သူတို့တွေအတွက် ခွဲတမ်းရိက္ခာတွေက အင်မတန် အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံမှ လူတစ်ချို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိထားသည်ဟုလည်း ၎င်းက ပြောသည်။

မီဇိုရမ်ပြည်နယ်၏ မျက်နှာချင်းဆိုင်တွင် ရှိသည့် မြန်မာနိုင်ငံ ချင်းပြည်နယ် အနောက်မြောက်ပိုင်းတွင် တိုက်ပွဲများ အရှိန်မြင့်နေသည်ဖြစ်ရာ အိန္ဒိယဘက်သို့ လာရောက်ခိုလှုံမည့် အရေအတွက်သည် ထပ်မံတိုးပွားလာမည်ဟု မျှော်လင့်ရကြောင်း ရမ်မာ၀ီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly