ကိုဗစ်-၁၉ ကပ်ဘေးကို လက်ဦးမှုယူ ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တာအတွက် ပညာရှင်အဖွဲ့ အပြစ်ဆို 

ကိုဗစ်-၁၉ ကပ်ဘေးကို လက်ဦးမှုယူ ကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တာအတွက် ပညာရှင်အဖွဲ့ အပြစ်ဆို 
Photo - AFP

မေ ၁၃

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူနှုန်းထားဟာ ၂၅၀၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကပ်ဘေးဆိုက်ရောက်တဲ့ အခြေအနေထိ ဖြစ်မလာခင် ကိုဗစ်-၁၉ ကို ကိုင်တွယ်ဖို့ အရေးပျက်ပြားခဲ့တာအတွက် အစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ချီတုံချတုံဖြစ်မှုနဲ့ ညံ့ဖျင်းတဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေကို ပညာရှင်အဖွဲ့တစ်ရပ်ဟာ ဗုဒ္ဓဟူးနေ့မှာ အပြစ်ဆိုလာခဲ့ပါတယ်။ 

အိန္ဒိယမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၄၂၀၅ ဦး ရှိခဲ့ပြီး နိုင်ငံမှာ ကူးစက်နှုန်း ထိုးတက်နေစေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဗီဇကွဲမျိုးစိတ်ကို အခုဆိုရင် ကမ္ဘာတစ်လွှားက အခြားသော နိုင်ငံ ဒါဇင်များစွာမှာပါ ကူးစက်မှု တွေ့ရှိနေရပြီ ဖြစ်ပါတယ်။  

ကပ်ဘေးရဲ့ အစောဆုံး ရက်တွေကို ပြန်ကြည့်မယ်ဆိုရင် ချီတုံချတုံ ဖြစ်မှုတွေနဲ့ ဆိုးဝါးတဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေဟာ လက်ရှိမှာ လူပေါင်း ၃ ဒသမ ၃ သန်းကျော် သေဆုံးရခြင်းနဲ့ ပြောမပြနိုင်အောင် စီးပွားပျက်စီးခြင်းတွေအတွက် အပြစ်တွေပဲ ဖြစ်တယ်လို့ ကပ်ဘေး ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုဆိုင်ရာ လွတ်လပ်သောအဖွဲ့ IPPPR က အပြစ်ပြောဆိုတာ ဖြစ်ပါတယ်။ 

တာဝန်ရှိတဲ့ သတင်းရင်းမြစ်တွေကနေ အေအက်ဖ်ပီရဲ့ နောက်ဆုံး စစ်တမ်းကောက်ယူမှုအရ ဗုဒ္ဓဟူးနေ့ ဂရင်းနစ်စံတော်ချိန် ၁၆ နာရီ ၀၀ မိနစ်အထိ ကမ္ဘာတစ်လွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူဦးရေ သန်း ၁၆၀ နီးပါးရှိနေတယ်လို့ သိရပါတယ်။ 

၂၀၁၉ ဒီဇင်ဘာမှာ တရုတ်က ဝူဟန်မြို့မှာ ဖြစ်ပွားမှု စတင်တွေ့ရှိတာကို အစောပိုင်း တုံ့ပြန်ဆောင်ရွက်မှုမှာ အရေးပေါ်လုပ်ဆောင်ရာမှာတွေ ပျက်ကွက်ခဲ့ကြောင်း၊ သတိပေးတပ်လှန့်သံတွေကို နိုင်ငံတွေက ဂရုမပြုခဲ့တာကြောင့် ၂၀၂၀ ဖေဖော်ဝါရီလဟာ တန်ဖိုးကြီးကြီး ပေးဆပ်ရတဲ့ ‘ဆုံးရှုံးသော လတစ်လ’ ဖြစ်ခဲ့ကြောင်း အဲဒီ အဖွဲ့က ဆိုပါတယ်။ 

ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ စက်တင်ဘာ ၁ ရက် မကျော်လွန်ခင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေကို ကာကွယ်ဆေး တစ်ဘီလီယံ ထောက်ပံ့ပံ့ပိုးသင့်တယ်လို့လည်း IPPPR က အလေးအနက်ထား ပြောပါတယ်။ 

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာတော့ ကာကွယ်ဆေး ထိုးနှံပေးတဲ့ လုပ်ငန်းစဉ်တွေကြောင့် ကပ်ဘေးဒုက္ခကို အားပျော့စေအောင် အကူအညီဖြစ်နေပြီ ဖြစ်ပါတယ်။ 

ကာကွယ်ဆေး ရရှိမှု မညီမမျှဖြစ်တာကို ကိုင်တွယ်ဖြေရှင်းဖို့ စိတ်သဘောထားတွေ မရှိကြတာဟာ ကပ်ဘေးကို ပိုပြီး ဆိုးဝါးလာစေမယ့် အဓိက အချက်ပဲ ဖြစ်တယ်လို့ IPPPR က ထောက်ပြပါတယ်။ စက်တင်ဘာကုန်လို့မှ ဆင်းရဲတဲ့ နိုင်ငံတွေဆီ ကာကွယ်ဆေး မပံ့ပိုးနိုင်ခဲ့ရင် ကာကွယ်ဆေး ထုတ်လုပ်မှု နည်းပညာနဲ့ ပတ်သက်တဲ့ အသိဉာဏ်ဆိုင်ရာ မူပိုင်ခွင့်ကို ဖြေလျှော့ပေးသင့်တယ်လို့လည်း IPPPR က ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly