ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ BioNTech ကုမ္ပဏီက စင်ကာပူမှာ ကာကွယ်ဆေး စက်ရုံ တည်ထောင်မည် 

ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ BioNTech ကုမ္ပဏီက စင်ကာပူမှာ ကာကွယ်ဆေး စက်ရုံ တည်ထောင်မည် 
Photo - AFP

မေ ၁၁

ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ BioNTech ကုမ္ပဏီဟာ တစ်နှစ်ကို mRNA မျိုးဗီဇနည်းပညာ အခြေပြု ကာကွယ်ဆေး သန်းပေါင်းများစွာ ထုတ်လုပ်ရေးအတွက် စင်ကာပူမှာ ရုံးချုပ်နဲ့ ထုတ်လုပ်ရေးစက်ရုံကို တည်ဆောက်သွားမှာ ဖြစ်တယ်လို့ တနင်္လာနေ့မှာ ပြောပါတယ်။ 

Messenger RNA ခေါ် mRNA မျိုးဗီဇနည်းပညာဟာ ကိုရိုနာဗိုင်းရပ်စ်မှာ တွေ့ရှိရတဲ့ ပရိုတိန်းတွေကို ကိုယ်ခန္ဓာကနေ ပြန်လည်ထုတ်လုပ်စေနိုင်ပြီး နောက်ပိုင်း ဗိုင်းရပ်စ်အစစ်ကို တွေ့ရှိတဲ့အခါ ခန္ဓာကိုယ်က သိရှိကာ တိုက်ထုတ်စေနိုင်စွမ်း ရှိစေတဲ့ ကာကွယ်ဆေးထုတ်လုပ်မှု နည်းပညာပဲ ဖြစ်ပါတယ်။ 

အခုနှစ်မှာပဲ ဆေးထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေးကို စတင်မှာ ဖြစ်ပြီး ၂၀၂၃ မှာ လုပ်ငန်းစတင်လည်ပတ်နိုင်မယ်လို့ ဂျာမနီကုမ္ပဏီဖြစ်တဲ့ BioNTech က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

“mRNA ကာကွယ်ဆေးစက်ရုံ စီမံကိန်းနဲ့အတူ ကမ္ဘာတစ်လွှားက ပြည်သူတွေကို ကျွန်တော်တို့ရဲ့ mRNA ကာကွယ်ဆေးတွေ ထုတ်လုပ်ဖြန့်ဖြူးပြီး ကုသမှုပေးဖို့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်နဲ့ ကွန်ရက်ဖြန့်ကြက်မှုကို တိုးမြှင့်သွားမှာ ဖြစ်ပါတယ်”လို့ BioNTech ရဲ့ အမှုဆောင်အရာရှိချုပ် Ugur Sahin က ပြောပါတယ်။ 

အမေရိကန် Pfizer ကုမ္ပဏီနဲ့ BioNTech တို့ ပူးတွဲထုတ်လုပ်တဲ့ ဒီကာကွယ်ဆေးဟာ ပြီးခဲ့တဲ့ နှစ်က အနောက်နိုင်ငံတွေမှာ အသုံးပြုခွင့်အတွက် အတည်ပြုချက်ရပြီး ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြစ်ခဲ့ပါတယ်။ 

လက်ရှိမှာ ကမ္ဘာတစ်လွှားက နိုင်ငံပေါင်း ၉၀ ကျော်ထက်မနည်းကို ကာကွယ်ဆေး ပေးပို့လျက် ရှိနေပြီး အခုနှစ် မကုန်ခင် ကာကွယ်‌ဆေး ၂ ဒသမ ၅ ဘီလီယံ ထုတ်လုပ်မယ်လို့ အရင်က မျှော်မှန်းရာက သုံးဘီလီယံအထိ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ထုတ်လုပ်မှု အပိုင်းကို အရှိန်မြှင့်ဖော်ဆောင်သွားဖို့ မျှော်မှန်းနေတာလည်း ဖြစ်ပါတယ်။  

၂၀၂၂ မှာလည်း ကာကွယ်ဆေး သုံးဘီလီယံကျော် နောက်ထပ် အရှိန်မြှင့်ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။ 

စင်ကာပူက ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံဟာ ဂျာမနီကုမ္ပဏီအတွက် ဥရောပပြင်ပမှာ ပထမဆုံး mRNA ကာကွယ်ဆေး ထုတ်လုပ်တဲ့ စက်ရုံလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။ စင်ကာပူစက်ရုံကနေပြီး ဒီလို ကာကွယ်ဆေးမျိုးတွေ သန်းရာနဲ့ချီပြီး ထုတ်လုပ်သွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ 

ကုမ္ပဏီရဲ့ မိတ်ဖက်ဖြစ်တဲ့ Pfizer ကုမ္ပဏီကလည်း အမေရိကန်အပြင် ဘယ်ဂျီယံနိုင်ငံတွေမှာပါ ကာကွယ်ဆေးထုတ်လုပ်ရေးစက်ရုံတွေကို လည်ပတ်နေပါတယ်။ 

၎င်းတို့ရဲ့ ကာကွယ်ဆေးအတွက် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်နိုင်မှု မြှင့်တင်နိုင်ဖို့ BioNTech နဲ့ Pfizer တို့ဟာ Merck၊ Novartis နဲ့ Sanofi တို့လို အခြားသော ဆေးဝါးကုမ္ပဏီတွေနဲ့ပါ မိတ်ဖက်ပြုထုတ်လုပ်နိုင်ရေးကို စိုင်းပြင်းဆောင်ရွက်လျက် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly