ကိုဗစ်ကာကွယ်ဆေး အညီအမျှ မရရှိမှုဟာ လက်သင့်ခံစရာ မရှိလို့ ဂျီ-၇ နိုင်ငံတွေကို WHO ပြော 

ကိုဗစ်ကာကွယ်ဆေး အညီအမျှ မရရှိမှုဟာ လက်သင့်ခံစရာ မရှိလို့ ဂျီ-၇ နိုင်ငံတွေကို WHO ပြော 
Photo - AFP

မေ ၈

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အညီအမျှရရှိရေးအတွက် ဦးစားပေးဖို့ရန် ဂျီ-၇ နိုင်ငံတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲက မေတ္တာရပ်ခံပြီး လက်ရှိ မညီမမျှ ဖြစ်နေတာက ကျင့်ဝတ်အရ လက်သင့်ခံစရာ မရှိဘူးလို့ ပြောဆိုပါတယ်။ 

ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကြား ကာကွယ်ဆေး မမျှမတ ရရှိနေတာဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို အဆုံးသတ်ဖို့အတွက် အကူအညီ ဖြစ်လိမ့်မှာ မဟုတ်ဘူးလို့ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဟမ်နွမ်ဂျီဘရီယေဆက်စ်က ပြောပါတယ်။ 

“အခု ဂျီ-၇ အတွက် အရေးကြီးဆုံးနဲ့ ချက်ချက် လိုအပ်ချက်တွေကို ပံ့ပိုးပေးရမှာက ကာကွယ်ဆေးပဲ ဖြစ်ပြီး အညီအမျှ ကာကွယ်ဆေး ရရှိမှုပဲ ဖြစ်တယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။ 

ကမ္ဘာတစ်လွှား နယ်မြေဒေသ အနည်းဆုံး ၂၁၀ မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဒသမ ၂၅ သန်းနီးပါး ထိုးနှံပေးထားပြီးကြောင်း အေအက်ဖ်ပီရဲ့ စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။ 

ထိုးနှံပြီး ကာကွယ်ဆေးရဲ့ ၄၅ ရာခိုင်နှုန်းဟာ ဝင်ငွေများ နိုင်ငံများမှာ ဖြစ်ပြီး ကမ္ဘာ့လူဦးရေအားဖြင့်ဆိုရင် ၁၆ ရာခိုင်နှုန်း ရှိပါတယ်။ 

၀ ဒသမ ၃ ရာခိုင်နှုန်းလောက်ကတော့ ဆင်းရဲတဲ့ နိုင်ငံ ၂၉ နိုင်ငံမှာ ဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၉ ရာခိုင်နှုန်းသာ ရှိသာ ဖြစ်ပါတယ်။ 

“ဒီလို မညီမမျှ ဖြစ်နေတာဟာ လက်သင့်ခံစရာ မဟုတ်ဘူး”လို့ တက်ဒရော့စ်က ဆိုပါတယ်” 

“ကျင့်ဝတ်သိက္ခာအရသာ မဟုတ်ဘူး၊ မမျှတတဲ့ ကမ္ဘာမှာ ဗိုင်းရပ်စ်ကို ကျွန်တော်တို့ အနိုင်ယူနိုင်မှာ မဟုတ်တာကြောင့်လည်း ဖြစ်တယ်”ဆိုပြီး သူက ပြောပါတယ်။ 

စက်မှုအင်အားကြီး ဂျီ-၇ နိုင်ငံအုပ်စုဟာ ဗြိတိန်ဝန်ကြီးချုပ် ကမကထပြုပြီး အင်္ဂလန်တောင်ပိုင်းမှာ ဇွန် ၁၁ ရက်နေ ၁၃ ရက်အထိ ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရှိပါတယ်။ 

ဂျီ-၇ နိုင်ငံတွေဟာ ကပ်ဘေးကို အနိုင်ပိုင်းရာမှာ လိုအပ်တဲ့ ကာကွယ်ဆေးရန်ပုံငွေ၊ စမ်းသပ်မှုတွေနဲ့ ပြုစုကုသမှုတွေကို တတ်နိုင်စွမ်းရှိထားပါတယ်လို့ WHO က ဆိုပါတယ်။  

“ကာကွယ်ဆေးကို မျှဝေဖို့ဟာ ဒီကမ္ဘာပေါ်က နိုင်ငံတိုင်းရဲ့ အကျိုးစီးပွားပဲ ဖြစ်ပြီး ဖြစ်နိုင်သမျှ ဘယ်လိုနည်းနဲ့မဆို ကူညီရမှာ ဖြစ်ပါတယ်”လို့ တက်ဒရော့စ်က ပြောပါတယ်။ 

ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်မှု၊ စမ်းသပ်မှုနဲ့ ကုသစောင့်ရှောက်မှုတွေဆိုင်ရာ WHO ရဲ့ Access to Covid-19 Tol=ols Accelerator စီမံကိန်းအတွက် ယခုနှစ် ရည်မှန်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ လျာထားချက်မှာ မပြည့်မီသေးဘဲ ၁၉ ဘီလီယံပဲ ရန်ပုံငွေ စိုက်ထူထားနိုင်တာ ဖြစ်ပါတယ်။ 

ကမ္ဘာတစ်ဝန်းက အရွယ်ရောက်ပြီးသူ အများအပြား ရောဂါခံနိုင်စွမ်းရှိမှု ကျိန်းသေစေဖို့ လာမယ့်နှစ်အတွက်လည်း ထပ်တိုး ဒေါ်လာ ၃၅ ဘီလီယံကနေ ၄၅ ဘီလီယံကြား လိုအပ်ဦးမှာ ဖြစ်ပါတယ်။ 

ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတွေပါ ဂျီ-၇ နိုင်ငံတွေက ရန်ပုံငွေ ပြဿနာကို ထဲထဲဝင်ဝင် ဖြေရှင်းပေးလာတာကို တက်ဒရော့စ်အနေနဲ့ လိုလားလျက် ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly