သြစတြေးလျက ဒါဝင်ဆိပ်ကမ်းကို တရုတ်ကုမ္ပဏီသို့ ငှားရမ်းမှုကို ပြန်လည်သုံးသပ်နေ

သြစတြေးလျက ဒါဝင်ဆိပ်ကမ်းကို တရုတ်ကုမ္ပဏီသို့ ငှားရမ်းမှုကို ပြန်လည်သုံးသပ်နေ

သြစတြေးလျနိုင်ငံ မြောက်ပိုင်းရှိ ကုန်သွယ်ရေးနှင့် စစ်ဘက်ဆိပ်ကမ်းတစ်ခုအား တရုတ်ကုမ္ပဏီတစ်ခုသို့ ၉၉ နှစ်ကြာ ငှားရမ်းရေးကို သြစတြေးလျအစိုးရက ပြန်လည်သုံးသပ်နေသည်ဟု အစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

ယင်းသို့လုပ်ဆောင်မှုသည် နှစ်နိုင်ငံ အစိုးရများအကြားတင်းမာမှုများကို ထပ်မံမြင့်တက်စေနိုင်သည့် လုပ်ဆောင်မှုလည်းဖြစ်သည်။

သြစတြေးလျသည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ယင်း၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေများကို ပြင်ဆင်ခဲ့ပြီး အစိုးရအားအခြေအနေအသစ်များ ချမှတ်ရန် သို့မဟုတ် ခွင့်ပြုထားပြီးဖြစ်သော သဘောတူညီချက်များကို အတင်းအဓမ္မ ဖျက်သိမ်းရန်ပင် ခွင့်ပြုခဲ့သည်။

ကာကွယ်ရေးအရာရှိများသည် နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် တရုတ်ဘီလျံနာရဲချန်ပိုင်ဆိုင်သည့် Landbridge Group ၏ဒါဝင်ဆိပ်ကမ်းပိုင်ဆိုင်မှုကို ဖိအားပေး စွန့်လွှတ်စေသင့်သလားဆိုသည်ကို စစ်ဆေးနေသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မီဒီယာသတင်းများအရ တရုတ်စစ်တပ်နှင့်နီးကပ်သော Landbridge သည် အမေရိကန်ဒေါ်လာ ၃၉၀ သန်း တန်ဖိုးရှိသော ဆိပ်ကမ်းကို လုပ်ကိုင်ရန် ၂၀၁၅ ခုနှစ်တွင် တင်ဒါဆွဲခြင်းအနိုင်ရရှိခဲ့သည်။

"ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေ တောင်းခံထားတာကြောင့် သင့်လျော်တဲ့ အချိန်မှာ အမျိုးသားလုံခြုံရေးကော်မတီကို ဆက်လက်တင်ပြသွားမှာပါ" ဟု အမည်မဖော်လိုသူ အစိုးရသတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

ယင်းစီမံကိန်းအား သုံးသပ်ချက်စတင်ရေးသားခဲ့သည့် Sydney Morning Herald သတင်းစာက ကာကွယ်ရေးဝန်ကြီး ပီတာဒတ်တွန်၏ ပြောကြားချက်အား ကိုးကားရေးသားခဲ့ရာတွင် “အစိုးရအနေဖြင့် အမျိုးသားရေး အကျိုးစီးပွားပေါ် မူတည်ပြီး ရွေးချယ်စရာများကိုရှာဖွေလိမ့်မည်ဟု” ဖော်ပြခဲ့သည်။

အမေရိကန်က ဒါဝင်တွင် အမေရိကန်မရိန်းတပ်ဖွဲ့အား ပထမဆုံးအကြိမ် အပြောင်းအရွှေ့ပြုလုပ်ပြီးနောက် နှစ်အနည်းငယ် အကြာတွင် Landbridge က ကန်ထရိုက်စာချုပ်ကို Northern Territory အစိုးရထံမှ ရရှိခြင်းသည်

ဒေသတွင်းတွင် တရုတ်နိုင်ငံ၏ ရန်လိုမှု တိုးမြှင့်လာပြီးနောက်တွင် ယခင်သမ္မတဘားရက်အိုဘားမား၏ အာရှဗဟိုပြုမူဝါဒ၏ အစိတ်အပိုင်းအနေဖြင့် ယင်းနေရာချထားမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆိပ်ကမ်းသဘောတူညီမှုနှင့် ပတ်သက်ပြီး ကြိုတင်မသိရှိခဲ့ခြင်းကြောင့် မကျေနပ်ကြောင်း အိုဘားမားက ထုတ်ဖော်ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly