ပါကစ္စတန်တွင် အင်တာနက်အသုံးပြုခွင့် လွတ်လပ်မှုကျဆင်း

By Al Arabia Post
07 May 2021
ပါကစ္စတန်တွင် အင်တာနက်အသုံးပြုခွင့် လွတ်လပ်မှုကျဆင်း

ပါကစ္စတန်တွင် အစိုးရက ဆိုက်ဘာ ရာဇဝတ်မှုဆိုင်ရာ ဥပဒေကို ကိရိယာတစ်ခုအနေဖြင့် အသုံးချနေသောကြောင့် အင်တာနက်အသုံးပြုခွင့်ဆိုင်ရာ လွတ်လပ်မှု ကျဆင်းသွားကြောင်း Institute for Research, Advocacy and Development (IRADA) က မေလ ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်လိုက်သည့် ‘ပါကစ္စတန်မီဒီယာအား နှစ်ပတ်လည် တရားဝင်သုံးသပ်ချက် ၂၀၂၀’ အစီရင်ခံစာတွင် ဖော်ပြထားသည်။

‘ပါကစ္စတန်အွန်လိုင်းနယ်ပယ်တွင် ထိတ်လန့် မုန်းတီးမှု မြင့်တက်လာခြင်း’ ဟု အမည်ပေးထားသည့် အစီရင်ခံစာတစ်ခုတွင်လည်း “ပါကစ္စတန်တွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းအချက်အလက် သိရှိခွင့်နှင့် ဒီဂျစ်တယ်အခွင့်အရေးများကို စီမံဆောင်ရွက်သည့် ပြည်သူတို့နှင့် အလှမ်းကွာသည့် လက်ရှိ ဥပဒေမူဘောင်သည် ၂၀၂၀ ပြည့်နှစ်အတွင်း သိသာစွာ ဆိုးရွားလာသည်” ဟု ဖော်ပြထားသည်။

အင်တာနက် မူဝါဒများနှင့် စည်းမျဉ်း စည်းကမ်းများကို တင်းကြပ်လိုက်ခြင်းဖြင့် ဒီဂျစ်တယ်အခွင့်အရေး၊ လွတ်လပ်စွာ ပြောဆိုခွင့် နှင့် သတင်းအချက်အလက် သိရှိခွင့်တို့နှင့် ပတ်သက်၍ အထူးသဖြင့် အွန်လိုင်းနယ်ပယ်တွင် သိသာစွာ ဆုတ်ယုတ်မှုများ ရှိလာကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အကျိုးဆက်အနေဖြင့် ဆင်ဆာဖြတ်တောက်မှု၊ အမုန်းစကားများ၊ ဒီဂျစ်တယ် ထောက်လှမ်းစုံစမ်းမှုများ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်ချိုးဖောက်ခြင်းများ၊ သတင်းမှားများ အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခြင်းတို့ ပိုမိုဆိုးရွားစွာ ဖြစ်စေခဲ့သည်” ဟု ယင်းအစီရင်ခံစာတွင် ပါရှိသည်။

လွတ်လပ်စွာ ပြောဆိုခွင့်နှင့် လူမှုမီဒီယာ လှုပ်ရှားမှုများ ဆောင်ရွက်သည့် ဂျာနယ်လစ်များနှင့် သဘောထားအမြင် ရေးသားသူများအား ညှာတာမှုမရှိသော ‘၂၀၁၆ ခုနှစ်၊ အီလက်ထရောနစ် ရာဇဝတ်မှုများ ကာကွယ်ရေးဥပဒေ (Peca)’ ဆိုက်ဘာရာဇဝတ်ဥပဒေများဖြင့် ဂျာနယ်လစ်များနှင့် ဆိုရှယ်မီဒီယာ တက်ကြွလှုပ်ရှားသူများကို အရေးယူမှု မကြာခဏရှိနေကြောင်း ဖော်ပြထားသည်။

“နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် ၁၉ မှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အခြေခံအခွင့်အရေးအဖြစ် အာမခံပေးထားပါတယ်” ဟု IRADA ၏ အမှုဆောင် ဒါရိုက်တာ မိုဟာမက်အက်ဖ်တက်အလမ်က ပြောသည်။

“လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် အတင်းအဓမ္မ မူဝါဒတွေ၊ ရန်လိုတဲ့ လုပ်ရပ်တွေကို အစိုးရအနေနဲ့ ရပ်တန့်ဖို့ လိုသလို သဘောထားကွဲလွဲခွင့်ကို ခွင့်ပြုပြီး ပြည်သူတွေရဲ့ သဘောထားအမြင်၊ အကျိုးစီးပွားတွေကို ကိုယ်စားပြုနိုင်တဲ့ အွန်လိုင်းနယ်ပယ်ကို ခွင့်ပြုရပါမယ်” ဟုလည်း ၎င်းက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly