ယူကရိန်းအပေါ် ရန်လိုမှုတွေ ရပ်ဖို့ ရုရှကို အမေရိကန် တောင်းဆို 

ယူကရိန်းအပေါ် ရန်လိုမှုတွေ ရပ်ဖို့ ရုရှကို အမေရိကန် တောင်းဆို 
Photo - AFP

မေ ၇

ယူကရိန်းအပေါ် ရုရှရဲ့ ရန်လိုတဲ့ အပြုအမူတွေ အဆုံးသတ်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကန်က ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။ 

အိမ်နီးချင်း နိုင်ငံကြီး ရုရှဟာ မကြာသေးခင်က တပ်ချခဲ့တဲ့ တပ်အင်အားအများစုကို မရုပ်သိမ်းရသေးဘူးလို့လည်း ယူကရိန်းဆီ စည်းလုံးညီညွတ်မှုကို ပြသပြီး လာရောက်တဲ့ ခရီးစဉ်မှာ ဘလင့်ကန်က သတိပေးပြောပါတယ်။ 

အမေရိကန် ထိပ်တန်းသံတမန် နိုင်ငံခြားရေးဝန်ကြီး ဘလင့်ကန်ဟာ ယူကရိန်း ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံခဲ့သလို ရုရှက ယူကရိန်းထံကနေ ခရိုင်းမီယားကျွန်းဆွယ်ကို ကျူးနင်းသိမ်းပိုက်လိုက်တဲ့ ၂၀၁၄ ခုနှစ်က စတင်ဖြစ်ပွားတဲ့ ရုရှလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို တိုက်ပွဲဝင်ရင်း သေဆုံးခဲ့တဲ့ လူ ၁၃၀၀၀ ကျော်မှ အချို့ရဲ့ ဓာတ်ပုံတွေနဲ့ အထိမ်းအမှတ် ထားရှိရာ နေရာဆီလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။ 

“ကျွန်တော်တို့ဟာ ခင်ဗျားတို့နဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်”ဟု ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဘလင့်ကန်က ပြောပါတယ်။ 

“ရုရှက မဆင်မခြင် ရန်လိုတဲ့ လုပ်ရပ်တွေ ရပ်စဲမလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်နေတယ်”ဆိုပြီး ဘလင့်ကန်က ဆိုပါတယ်။ 

ပြီးခဲ့တဲ့လက ရုရှဟာ နယ်စပ်အနီးနဲ့ ခရိုင်းမီးယားမှာ ၂၀၁၄ နောက်ပိုင်း အကြီးမားဆုံး တပ်ချမှုအဖြစ် တပ်အင်အား တစ်သိန်းကို တပ်ဖြန့်ချထားခဲ့တာ ဖြစ်ပေမယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရသစ်ကို သွေးတိုးစမ်းတာအဖြစ် တော်တော်များများက ရှုမြင်တဲ့ အဲဒီ တပ်ဖြန့်မှုကို ပြန်ရုပ်သိမ်းကြောင်းကို မြန်မြန်ဆန်ဆန်ပဲ ကြေညာခဲ့တာပါ။ 

ဒါပေမဲ့ ရုရှဟာ တပ်တွေကို အကန့်အသတ်နဲ့ပဲ ရုပ်သိမ်းထားတာလို့ ဘလင့်ကန်ရော ဇီလန်စကီးကပါ ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။ 

“ယူကရိန်းနယ်စပ်ကနေ တပ်အချို့ကိုပဲ ရုရှဟာ ပြန်ရုပ်တာကို ကျွန်တော်တို့ သိပါတယ်၊ အဲဒီမှာ တပ်အင်အား တော်တော်များများ ရှိနေသေးတာ ကျွန်တော်တို့ သိတယ်”လို့ ဘလင့်ကန်က ပြောပါတယ်။ 

ယူကရိန်းသမ္မတ ဇီလန်စကီးကလည်း ရုရှဟာ ပင်လယ်နက်မှာ လက်ရုံးအား ဖြန့်ထားဆဲ ဖြစ်ပြီး ခရိုင်းမီးယားကနေလည်း တပ်အင်အား ၃၀၀၀ နဲ့ ၃၅၀၀ ကြားလောက်ပဲ ပြန်ရုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ယူကရိန်းနယ်စပ်တစ်လျှောက်မှာ ရှိနေဆဲ ရုရှတပ်အင်အားဟာ ဘယ်အချိန်မဆို ယူကရိန်းကို စစ်ဆင်ဖို့အတွက် အသင့်ဖြစ်နေတယ်”ဆိုပြီး ဇီလန်စကီးက ပြောပါတယ်။ 

ဒါအပြင် ရုရှဟာ တပ်အင်အား လျှော့ချရုပ်သိမ်းတယ်ဆိုပေမယ့် တပ်အင်အား ထောင်ပေါင်းများစွာ ရှိနေဆဲ ဖြစ်ပြီး လက်နက်ကြီးအမျိုးမျိုးလည်း တပ်ဆင်ထားဆဲ ဖြစ်တယ်လို့ ဘရပ်ဆဲလ်က နေတိုးအတွင်းရေးမှူးချုပ် ဂျင်စတောတန်ဘတ်ချ်ကပါ ပြောပါတယ်။ 

“အားလုံးခြုံပြောရရင် ယူကရိန်း ဝန်းကျင်မှာ ရုရှတပ်အင်အား တော်တော်များများ ရှိနေတာဟာ မကြာသေးခင်က တင်းမာမှုတွေ မဖြစ်ပွားခင်ကထက်ကို ပိုပြီး များပါတယ်”လို့ စတောတန်ဘတ်ချ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly