အမ်စတာဒမ်၊ ဒီဇင်ဘာ - ၁ ။ ။ ဆွီဒင်တက္ကသိုလ်တစ်ခုက လေဆိပ်လမ်းပြစနစ်ကို လွယ်ကူချောမွေ့စေရန် နည်းလမ်းရှာကြံကြရာမှ ခရီးသည်များကို ၎င်းတို့၏ ဂိတ်များကို လမ်းညွှန်နိုင်ရန် ဒီဇိုင်းထုတ်ထားသည့် စက်ရုပ်တစ်ရုပ်ကို တီထွင်လိုက်သည်။
နိုဝင်ဘာလ ၃၀ရက်မှ စတင်၍ စပင်ဆာဟု အမည်ရသည့် စက်ရုပ်ကို တီထွင်ကာ မတ်လတွင် တရားဝင်မပြသမီ အမ်စတာဒမ်ရှိ ရှီပို နိုင်ငံတကာလေဆိပ်တွင် ရက်သတ္တတစ်ပတ်တာ လုပ်ငန်းခွင် စမ်းသပ်မှု ပြုလုပ်ခဲ့သည်။
‘ပျူငှာပေမယ့် စိတ်မလှုပ်ရှားတဲ့ မျက်နှာနဲ့ ဒီခမ်းနားတဲ့စက်ရုပ်က နိုင်ငံတကာလေဆိပ် လမ်းကြောင်းစနစ်တွေနဲ့ စိမ်းတဲ့ ခရီးသည်တွေကို ဂိတ်တစ်ခုကနေတစ်ခုကို လမ်းပြပါလိမ့်မယ်’ဟု အူရီဘရို တက္ကသိုလ်မှ သတင်းထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်။
ဤအစမ်းလုပ်ငန်းခွင်မှာ စက်ရုပ်စပင်ဆာအနေဖြင့် လေဆိပ်၏ လူကျသောနေ့တစ်နေ့တွင် ယာဉ်ကြော နှင့် အတားအဆီးများကို မည်မျှကျွမ်းကျင်စွာ ကိုင်တွယ်နိုင်မည်ကို စမ်းသပ်ရန်ပင်ဖြစ်သည်။
‘လေဆိပ်တစ်ခုကို လမ်းကြောင်းပြရတာက စိန်ခေါ်မှုတစ်ခုပါ။ မှန်တွေအများကြီးနဲ့ နေရာတိုင်းမှာ လူတွေနဲ့ ခရီးဆောင်အိတ် ထရော်လီလို အတားအဆီးတွေလည်း ရှိနေတော့ ပတ်ဝန်းကျင်က အမြဲတစေ ပြောင်းလဲနေပါတယ်’ဟု သုတေသနခေါင်းဆောင် အာချင် လီလီရင်သယ်က ပြောသည်။