အိန္ဒိယတွင် နေ့အလိုက် ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်

အိန္ဒိယတွင် နေ့အလိုက် ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်
Photo - AFP

မေ ၆

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄,၀၀၀ နီးပါးနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၄၁၂,၀၀၀ ဦးကျော် ရှိခဲ့ပြီး ယင်းနှစ်ခုစလုံးသည် စံချိန်မှတ်တမ်းသစ်များ ဖြစ်ခဲ့ကြောင်း မေ ၆ ရက် တရား၀င်ဒေတာအချက်အလက်များက ပြသနေသည်။

ကျန်းမာရေး၀န်ကြီးဌာန၏ ကိန်းဂဏန်းများအရ ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၃,၉၈၀ ဦး ရှိခဲ့ကြောင်း ပြသထားရာ ယခုအခါ ယင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူစုစုပေါင်း ၂၃၀,၁၆၈ ဦးအထိ ရှိစေခဲ့ပြီ ဖြစ်သည်။

အလားတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၄၁၂,၂၆၂ ဦး ထပ်မံတွေ့ရှိခဲ့သည့်အတွက် ယင်းနိုင်ငံတွင် ကပ်ရောဂါစဖြစ်ပြီးနောက်ပိုင်း စုစုပေါင်း ကူးစက်ခံရသူဦးရေသည် ၂၁ ဒသမ ၁ သန်းအထိ ရှိနေခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ အနည်းငယ်ပြန်လည်လျော့ကျမှုကြောင့် နိုင်ငံ၏ ဗိုင်းရပ်စ် ကူးစက်မှုပိုင်း တစ်ဟုန်ထိုးမြင့်တက်ခဲ့မှု အခြေအနေ ပြန်လည် သက်သာလျော့ကျသွားနိုင်မည့်အပေါ် မျှော်လင့်ချက်များ မြင့်တက်စေခဲ့ပြီးနောက် ယခုအခါ ကူးစက်မှုနှုန်း ထပ်မံမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ယင်းနိုင်ငံတွင် ပြီးခဲ့သည့် သောကြာ‌နေ့က ကူးစက်သူဦးရေ ၄၀၂,၀၀၀ အထိ အမြင့်ဆုံးရောက်ခဲ့ပြီး နောက်ပိုင်းရက်များတွင် တစ်နေ့တာကူးစက်မှုနှုန်းသည် ၃၅၇,၀၀၀ အထိ ပြန်ကျခဲ့ပြီး အင်္ဂါနေ့တွင် တစ်ဖန် ပြန်လည် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနိုင်ငံတွင် မတ်လကုန်နောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သိသိသာသာ မြင့်တက်ခဲ့ခြင်းကြောင့် ဆေးရုံများကို မနိုင်မနင်းဖြစ်စေခဲ့ပြီး တစ်ချို့နေရာများတွင် ဆေးရုံခုတင်နေရာ၊ ဆေး၀ါးများနှင့် အောက်ဆီဂျင် ပြတ်လပ်မှုများနှင့် ကြုံတွေ့ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly