အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဟားခါး) တို့တိုက်ပွဲဖြစ်

အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဟားခါး) တို့တိုက်ပွဲဖြစ်

မေ ၂

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဟားခါး) တို့ ဒီကနေ့ညနေ ၆ နာရီလောက်စ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။

ဟားခါးမြို့၊ ကျော်ဘုတ်ရပ်ကွက်မှာ ယနေ့ည ၆:၄၅ အချိန်ခန့်ကစပြီး စစ်ကောင်စီနှင့် ပြည်သူ့တပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဟားခါးအခြေစိုက် မီဒီယာတွေမှာဖော်ပြထားပါတယ်။

ည ၈ နာရီအထိကတော့ အကြမ်းဖက်စစ်သား ၄ ဦးထက်မနည်းသေတယ်လို့ ဟားခါးအခြေစိုက် Chin World ကလည်းရေးသားထားပါတယ်။ သတင်းရေးသားချိန် ည ၈ ရီအထိ ပစ်ခတ်နေကြတုန်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဟားခါး)ကိုမဇ္ဈိမကဆက်သွယ်လို့ မရသေးပါဘူး။

Chinland Defense Force (CDF) အဖွဲ့ရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဟားခါး) ကနေပြီး မေလ ၂ ရက်နေ့ ညနေ ၄ နာရီအတွင်း ဖမ်းဆီးထားသူတွေကိုလွှတ်ပေးဖို့နဲ့ စစ်လက်နက်သုံး သပိတ်ဖြိုခွင်းမှုတွေမလုပ်ဖို့ သတိပေးခဲ့တာပါ။

မေလ ၂ ရက်နေ့ ၅ နာရီကျော်မှာတော့ Chinland Defense Force (CDF) ကနေပဲ “ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင်လက်နက်ကိုင်အဖွဲ့တွေဟာ စည်းမဲ့ကမ်းမဲ့ အရပ်ဝတ်နဲ့ စစ်လက်နက်ကိုင်ဆောင်ပြီး ပြည်သူတွေအကြား လှည့်ကင်းစောင့်ခြင်းစသော အကြမ်းဖက်မှုတွေကို ဉပဒေမဲ့ဆောင်ရွက်ခြင်း၊ စစ်လက်နက်တွေကို သယ်ဆောင်ဖို့ စစ်ကားမသုံးဘဲ အရပ်သားကားတွေကို လုယူသုံးစွဲခြင်းတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

အဲ့ထုတ်ပြန်ချက်ထဲမှာပဲ အရပ်သားတွေ တိုက်ပွဲတွေစဖြစ်ရင် အရပ်သားတွေအနေနဲ့ သွားလာမှုရှောင်ကြဉ်ဖို့နဲ့ မိမိယာဉ်တွေကို စစ်တပ်ကအသုံးရင် လုံခြုံရေးအာမ မခံနိုင်ကြောင်းပါ ရေးသားခဲ့ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ အကြမ်းဖက်မှုကျူးလွန်နေတဲ့ တရားမဝင်စစ်ကောင်စီ စစ်သားတွေကို တွေ့တဲ့နေရာ၊ အချိန်မရွေး မည်သူမဆို ပြည်သူ့လုံခြုံရေးအတွက် ချေမှုန်းပြီး လက်နက်တွေကို လုယူနိုင်ကြောင်းနှင့် CDF-Hakha ထံတွင် လာရောက်အပ်နှံနိုင်ပါရန် အသိပေးလိုက်ကြောင်း ရေးသားထားတာပါ။

ဒီကြေငြာချက်ထွက်ပြီးမကြာခင်မှာပဲ ဟားခါးမြို့ပေါ်ရပ်ကွက်တချို့မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ 

မဇ္ဈိမအနေနဲ့ CDF-Hakha (သို့မဟုတ်) ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဟားခါး)နဲ့အဆက်အသွယ်ရဖို့ ကြိုးစားနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required