အိန္ဒိယတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂ သိန်းကျော်အထိ မြင့်တက်

အိန္ဒိယတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂ သိန်းကျော်အထိ မြင့်တက်
Photo - AFP

ဧပြီ ၂၈

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် နှစ်သိန်းကျော်အထိ မြင့်တက်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။ ယင်းနိုင်ငံ၌ လက်ရှိအချိန်တွင် ဗိုင်းရပ်စ် ကူးစက်ခံရသူသစ် တွေ့ရှိမှု အတောမသတ်နိုင်အောင် မြင့်တက်မှုနှင့် ရင်ဆိုင်နေရချိန် ဆေးရုံများတွင်လည်း မနိုင်မနင်း အခြေအနေများ ဖြစ်ပေါ်နေသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ၎င်းတို့အမေရိကန်နိုင်ငံ၌ ကပ်ရောဂါအပေါ် တိုက်ဖျက်ရာတွင် အံ့မခန်း တိုးတက်မှုများ ရရှိထားကြောင်း ထုတ်ဖော်သွားခဲ့သည်။

လက်ရှိအချိန်တွင် လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိ အိန္ဒိယနိုင်ငံတွင်မူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် သေဆုံးမှုနှုန်းများသည် မြင့်တက်လျက် ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတ၀န်း လူပေါင်း ၃ ဒသမ ၁ သန်းကျော်ကို သေဆုံးစေခဲ့ပြီ ဖြစ်သည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် ကူးစက်မှုနှုန်း တစ်ဟုန်ထိုးမြင့်တက်နေပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရသူသစ် ၃၆၀,၀၀၀ နှင့်‌ သေဆုံးသူ ၃,၀၀၀ ကျော်အထိ စံချိန်တင်တွေ့ရှိခဲ့ကြောင်း ဧပြီ ၂၈ ရက် အချက်အလက်များအရ သိရသည်။

မြို့တော် နယူးဒေလီတွင် ကားပါကင်နေရာများကို မီးသင်္ဂြိုလ်ရာ နေရာများအဖြစ် ပြောင်းလဲထားခဲ့ရပြီး မီးသင်္ဂြိုလ်ရမည့် အလောင်းအရေအတွက် များပြားနေခြင်းကြောင့် မီးသင်္ဂြိုလ်ရန် ထင်း ပြတ်တောက်မှုကိုပါ ဖြစ်‌ပေါ်ထားစေခဲ့သည်။

ယခုကဲ့သို့ အိန္ဒိယတွင် ကြီးမားလှသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းတစ်ခုကို ဖြစ်စေခဲ့သည်ဟု ယုံကြည်ရသည့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတစ်ခုကိုလည်း ယခုအခါ နိုင်ငံပေါင်း တစ်ဒါဇင်ကျော်ခန့်တွင် တွေ့ရှိထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဧပြီ ၂၇ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံအများအပြားသည်လည်း အိန္ဒိယထံ အကူအညီပေးရန် အပူတပြင်း လုပ်ဆောင်လျက် ရှိပြီး အရေးတကြီး လိုအပ်နေသော အောက်ဆီဂျင်နှင့် အခြား အထောက်အပံ့ပစ္စည်းများကို ပေးပို့ပေးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly