MOGE အပေါ် အရေးယူပိတ်ဆို့ရေး အမေရိကန်အထက်လွှတ်တော်အမတ်များက သမ္မတဘိုင်ဒင်ကို တိုက်တွန်း

MOGE အပေါ် အရေးယူပိတ်ဆို့ရေး အမေရိကန်အထက်လွှတ်တော်အမတ်များက သမ္မတဘိုင်ဒင်ကို တိုက်တွန်း

ဧပြီ ၂၈ 

မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအ၀င် မြန်မာအာဏာသိမ်းစစ်အုပ်စု၏ ၀င်ငွေရင်းမြစ်များအပေါ် အရေးယူပိတ်ဆို့မှု လုပ်ဆောင်ရန် အမေရိကန် အထက်လွှတ်တော်အမတ်များက သမ္မတ ဘိုင်ဒင် အစိုးရကို တိုက်တွန်းတောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံ ပြင်ပ၌ ထိန်းသိမ်းထားသည့် နိုင်ငံခြားငွေကြေး အခွန်ဘဏ္ဍာများကို ပစ်မှတ်ထားရန် သို့မဟုတ် ပိတ်ထားရန်အတွက် ဘဏ္ဍာရေး၀န်ကြီး ဂျနက် ယဲလန်းနှင့် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်ကို အထက်လွှတ်တော်အမတ် ခြောက်ဦးက တိုက်တွန်းခဲ့သည်ဟု ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မာကို ရူဘီယို၏ ၀က်ဘ်ဆိုဒ်တွင် တင်ထားသည့် စာတစ်စောင်အရ သိရသည်။

“ပထမအဆင့်တစ်ခုအနေနဲ့  လျှပ်စစ်နဲ့ စွမ်းအင်၀န်ကြီးဌာနအောက်က မြန်မာ့ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်သင့်ပါတယ်၊ အဲဒါက အာဏာသိမ်းစစ်တပ်အတွက် အကြီးဆုံးသော နိုင်ငံခြားငွေရင်းမြစ်တစ်ခုအဖြစ် ဆက်ရှိနေပါတယ်” ဟု စာထဲတွင် ဖော်ပြထားသည်။

မြန်မာ၏ ရတနာ ကမ်းလွန်ဓာတ်ငွေ့လုပ်ကွက်တွင် MOGE သည် ပြင်သစ်၏ Total ၊ အမေရိကန်၏ Chevron တို့နှင့် ပါတနာအဖြစ် ရှိနေသည်။ နိုင်ငံခြားကုမ္ပဏီနှစ်ခုစလုံးသည် ပရောဂျက်တွင် ဆက်လက်ရင်းနှီးမြှုပ်နှံထားသည်။

“အရင် ၁၉၉၀  စစ်အစိုးရ လက်ထက်ကလည်း သူတို့ရဲ့ ရင်းမြစ်တွေ တစ်စတစ်စ လျော့ပါးခဲ့တုန်းက Total နဲ့ Chevron/Unocal တို့က နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေကနေ သူတို့အတွက် ကူညီခုခံပေးခဲ့တယ်ဆိုတာကို သမိုင်းက ပြသနေပါတယ် ၊ ဒီတစ်ကြိမ်မှာတော့ အာဏာသိမ်းစစ်တပ်ဆီ နိုင်ငံတကာရင်းမြစ်တွေ ပုံမှန် စီးဆင်းမှုကနေ လုံးလုံးလျားလျား ပိတ်ဆို့တားမြစ်ရပါလိမ့်မယ်” ဟု အထက်လွှတ်တော်အမတ်များက စာထဲတွင် ရေးထားသည်။

ယခုကဲ့သို့ မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံလုပ်ဆောင်ရန် တောင်းဆိုထားသည့် စာထဲတွင် ပါ၀င်လက်မှတ်ထိုးထားသည့် အထက်လွှတ်တော်အမတ်များမှာ ရူဘီယို အပြင် ဒီမိုကရက်တစ်အမတ်များဖြစ်သည့် ဂျက်ဖ် မာကလေး၊ ဒစ်ခ် ဒါဘင်၊ ကိုရီ ဘွတ်ကာ၊ အက်ဒ် မာကီးနှင့် ရီပတ်ဘလစ်ကန်အမတ် ဆူဆန် ကောလင်းစ်တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly