ဘာသာရေးခေါင်းဆောင်များက ကွန်မြူနစ်ပါတီဦးဆောင်မှုကို လက်ခံစေရန် တရုတ်အစိုးရက အမိန့်သစ်တစ်ရပ် ပြဌာန်းမည်

ဘာသာရေးခေါင်းဆောင်များက ကွန်မြူနစ်ပါတီဦးဆောင်မှုကို လက်ခံစေရန် တရုတ်အစိုးရက အမိန့်သစ်တစ်ရပ် ပြဌာန်းမည်

ပေကျင်း

လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံအပေါ် ဖိအားပေးမှုများရှိနေသော်လည်း အစိုးရအနေဖြင့် ဘာသာရေးခေါင်းဆောင်အားလုံးက တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ဦးဆောင်မှုကို လိုက်နာရန်နှင့် ထောက်ခံပံ့ပိုးရန် လိုအပ်မည့် အမိန့်ဥပဒေသစ်တစ်ရပ်ကို လာမည့်လအတွင်း အကောင်အထည်ဖော်ရန် စီစဉ်လျှက်ရှိသည်။

အမေရိကန် အသံလွှင့်ဌာန (VOA)၏ ထုတ်လွှင့်ချက်အရ ‘ဘာသာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် ပတ်သက်၍ စီမံခန့်ခွဲရေး လုပ်ငန်းများ’ ဟု အမည်ပေးထားသည့် တရားဝင် အမိန့်တွင် တရုတ်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေသော၊ အစွန်းရောက်ဝါဒကို အားပေးသော၊ နိုင်ငံကို ပြိုကွဲစေသော အကြောင်းအရာများအား ဘာသာရေး နယ်ပယ်မှ ပုဂ္ဂိုလ်များက ဟောကြားခြင်းကို တားမြစ်ထားသည်။

ဘာသာရေးနယ်ပယ်မှ တာဝန်ရှိသူများအနေဖြင့် ဘာသာရေး လမ်းကြောင်းမှတစ်ဆင့် ပြည်ပအုပ်စုများ ထိုးဖောက်လာခြင်းကို ဟန့်တားပေးရန်နှင့် ယင်းကဲ့သို့ မလုပ်ဆောင်ပါက အုပ်ချုပ်ရေးအဖွဲ့က ပိတ်ဆို့အရေးယူများ ချမှတ်ခြင်း၊ ရာဇဝတ်မှုများဖြင့် အရေးယူခြင်းတို့ကို လုပ်ဆောင်မည်ဟု ဖော်ပြထားသည်။

“ဒီအမိန့်ဒီဂရီဟာ မိမိတို့ရဲ့ ဘာသာရေးယုံကြည်ချက်နဲ့ မကိုက်ညီသလို နိုင်ငံရေးနဲ့ ဘာသာရေးကွဲပြားမှုကို ဖြစ်စေနိုင်တယ်” ဟု Divine Love Fellowship of the Beijing House Church မှ အကြီးအကဲတစ်ဦး ဖြစ်သူ ကျူယောင်ဟေးက ပြောကြားသည်။

“ဘာသာရေး လွတ်လပ်ခွင့်ကို ပိုမိုကျဉ်းမြောင်းသွားစေသလို ယုံကြည်သူတွေအပေါ်မှာ ပိုမိုပြင်းထန်တဲ့ ဖြိုခွဲမှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဘာသာရေး ကိုးကွယ်သူများအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီ CCP၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ဆိုရှယ်လစ်ဝါဒ တို့၏ သမိုင်းကြောင်းများကို လေ့လာရန် လိုအပ်ကြောင်း အစိုးရက ထိန်းချုပ်ထားသည့် နိုင်ငံတော်အဆင့် ဘာသာရေးအသင်း Protestantism, Catholicism, Taoism, Buddhism and Islam က တိုက်တွန်းထားချိန်တွင် ယခုအမိန့်တစ်ရပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

‘တရုတ်ပုံစံ ဘာသာရေး’ မူဝါဒတစ်ရပ်ကို အစိုးရက အရှိန်မြှင့် လုပ်ဆောင်နေပြီး ခရစ်ယာန်၊အစ္စလာမ်နှင့် တိဗက်ဗုဒ္ဓဘာသာတို့ကဲ့သို့ ပြည်ပနှင့် ဆက်စပ်သည့် ဘာသာရေးများကို ပစ်မှတ်ထားနေကြောင်း ‘နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုဆိုင်ရာ အမေရိကန်ကော်မရှင်(UCIRF)က ၎င်း၏ နောက်ဆုံး အစီရင်ခံစာတွင် ယခုလအစောပိုင်းက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required