TSMC က ချစ်ပ်ပြားထုတ်လုပ်ငန်းကို ထိုင်ဝမ် မှ တရုတ်ပြည်မကြီးသို့ ပြောင်းရွှေ့လိမ့်မည်မဟုတ်

TSMC က ချစ်ပ်ပြားထုတ်လုပ်ငန်းကို ထိုင်ဝမ် မှ တရုတ်ပြည်မကြီးသို့ ပြောင်းရွှေ့လိမ့်မည်မဟုတ်

ထိုင်ဝမ် စီးပွားရေးဝန်ကြီးဌာနက Taiwan Semiconductor Manufacturing Company (TSMC) က ယင်း၏ ချစ်ပ်ထုတ်လုပ်မှုလုပ်ငန်းတစ်ချို့ကို တရုတ်နိုင်ငံသို့ ပြောင်းရွှေ့ရန်စီစဉ်နေသည်ဟူသော ကောလာဟလများ ကို ငြင်းဆိုခဲ့သည်။

TSMC သည် ထိုင်ဝမ်တွင် ရေနှင့် လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရစဉ်တွင် တရုတ်နိုင်ငံ နန်ကျင်းမြို့ရှိ ယင်း၏ စက်ရုံသို့ ပြောင်းရွှေ့လိမ့်မည်ဟု အချို့သောသူများက ခန့်မှန်းပြောကြားစဉ် ယခုသတင်းပတ်အစောပိုင်းက ယင်းကောလာဟလများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်အစိုးရက ယခုငြင်းဆိုလိုက်သည့် အဆိုပါပြောင်းရွှေ့မှုတွင် ချိစ်ပ်လုပ်ငန်းပြီးမြောက်ခါနီးအဆင့်တွင် တပ်ဆင်ရသည့် ဝေဖာပါးလွှာချပ်များ ၁၂၀ဝ၀ ကို နေရာချခြင်း စွမ်းရည်အပါအဝင် ၂၈nm chip node ကဲ့သို့သော လုပ်ငန်းစဉ်များပါဝင်သည်။

TSMC က ကုမ္ပဏီ၏မူဝါဒအရ တရုတ်နိုင်ငံသို့ လုပ်ငန်းတစ်ချို့ပြောင်းရွှေ့ခြင်းနှင့် ပတ်သက်သည့် ကောလာဟလများကို မှတ်ချက်ပေးရန်ငြင်းဆန်ခဲ့သည်။

ထိုင်ဝမ်ဝန်ကြီးဌာန၏ အဆိုအရ TSMC က ထိုင်ဝမ်တွင် ရေရှည်ရင်းနှီးမြုပ်နှံမှုအတွက် အစီအစဉ်များရှိပြီး လျှပ်စစ်ဓာတ်အား သို့မဟုတ် ရေအခက်အခဲများကြောင့် ကုမ္ပဏီအနေဖြင့် လက်ရှိတည်ရှိနေသော ချစ်ပ်လုပ်ငန်းများကို တရုတ်ပြည်သို့ ပြောင်းရွှေ့ရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းများကို စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေစဉ် ထိုင်ဝမ်သည် ယခုနှစ်အတွင်း သမိုင်းတွင် အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရသည်။ ယခုလအစောပိုင်းက တိုင်နန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် TSMC ၏ လုပ်ငန်းလည်ပတ်မှုများကို အနှောင့်အယှက်ဖြစ်ခဲ့ပြီး ဒေါ်လာ သန်းနှင့်ချီ ဆုံးရှုံးလိမ့်မည်ဟု မျှော်လင့်ရသည်။

မိုးခေါင်မှုကြောင့် ထုတ်လုပ်မှုထိခိုက်ခြင်းမရှိစေရန်အတွက် စက်ရုံအနေဖြင့် မြေအောက်ရေများရယူခြင်းနှင့် ရေလှောင်ကန်များဖြင့် ရေများကို စတင်သိုလှောင်နေသည်။

ထိုင်ဝမ်တာဝန်ရှိသူများက TSMC နှင့် တိုက်ရိုက်ရှင်းလင်းပြီးနောက် ယင်းငြင်းချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့၏ ကြေညာချက်တွင် နောက်ဆုံးပေါ် ချစ်ပ်ထုတ်လုပ်မှုနည်းပညာတွင် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ထိုင်ဝမ်မှာဖြစ်မည်ဆိုသည်ကိုပါ အလေးထားထည့်သွင်းဖော်ပြခဲ့သည်။

TSMC သည် တိုင်နန်တွင် ချစ်ပ်ပြားများတပ်ဆင်သည့် စက်ရုံတစ်ရုံကို တည်ဆောက်နေပြီး ယင်းစက်ရုံသည် အဆင့်မြင့်နည်းပညာသုံး ၃ nm process node ချစ်ပ်များကို တည်ဆောက်သွားမည်ဖြစ်သည်။ စွန့်စားထုတ်လုပ်မှုကို ယခုနှစ်နှောင်းပိုင်းတွင် ထုတ်လုပ်ရန်စီစဉ်ထားပြီး ၂၀၂၂ ခုနှစ်တွင် အစုလိုက်အပြုံလိုက်ထုတ်လုပ်မည်ဖြစ်သည်။

TSMC ၏ ချစ်ပ်ထုတ်လုပ်မှုစွမ်းရည်၏ ၉၀ ရာခိုင်နှုန်းသည် ထိုင်ဝမ်တွင် တည်ရှိပြီး စွမ်းရည်တိုးချဲ့ခြင်းသည် ယင်း၏ ချစ်ပ်ထုတ်မှုမှုဂေဟစနစ်ကို ပိုမိုရင့်ကျက်လာစေလိမ့်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly