ဟောင်ကောင်ကျောင်းများအတွက် တရုတ်အစိုးရက သင်ရိုးသစ်များ ပြဌာန်း

ဟောင်ကောင်ကျောင်းများအတွက် တရုတ်အစိုးရက သင်ရိုးသစ်များ ပြဌာန်း

ဧပြီ ၂၁

လွတ်လပ်၍ စဉ်းစားတွေးခေါ်မှုများ ပါဝင်သော ဟောင်ကောင် ပညာရေးစနစ်တွင် တရုတ်အစိုးရက ၎င်းတို့ လိုလားသည့် ကျောင်းသင်ခန်းစာ သင်ရိုးများကို အပြည့်အဝ စတင်ပြဌာန်းလိုက်သည်။

တရုတ်အစိုးရအနေဖြင့် ဟောင်ကောင်တွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတိုင်းအတာတစ်ခုအထိ ခွင့်ပြုပေး မည်ဟု ကတိပြုခဲ့သော်လည်း ဒီမိုကရေစီ တောင်းဆိုသည့် ဆန္ဒဖော်ထုတ်မှုများနှင့် အငြင်းပွားဖွယ်ရာ နိုင်ငံတော် လုံခြုံရေး ဥပဒေတို့ကို ပြဌာန်းခဲ့သည့်အပြင် ယခုအခါ ပညာရေး သင်ရိုးညွှန်းတမ်းများကိုလည်း ပြင်ဆင်လိုက် ခြင်း ဖြစ်သည်။

 တရုတ်ကွန်မြူနစ်ပါတီက လွှမ်းမိုးသည့် ပညာရေးကိုသာ သင်ကြားရမည်ကို  စိုးရိမ်သည့် မိဘများက သားသမီးများအား ပြည်ပတွင် ကျောင်းထားနိုင်ရန် စဉ်းစားနေကြသည်။ 

ဇန်နဝါရီလကုန်မှစ၍ ဗီဇာစနစ်သစ်တစ်ရပ်ကို ပြဌာန်းလိုက်ပြီးနောက်  ဗြိတိန်တွင် ၅ နှစ်အထိ ပညာသင်ကြားရင်း အလုပ်လုပ်ခွင့် ရနိုင်ရန် လျှောက်ထားသူ ၃၅၀၀၀ အထိ ရှိသွားပြီဖြစ်ကြောင်း The Sunday Times သတင်းစာက ဖော်ပြသည်။

ဧပြီ ၁၅ ရက်သည် ဟောင်ကောင်၏ ‘နိုင်ငံတော် လုံခြုံရေးပညာရေးနေ့’ ဖြစ်သည်။ အစိုးရက ဦးဆောင်၍ အခမ်းအနားများ ကျင်းပရာတွင် တရုတ်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး အရေးပါမှုကို ဟောင်ကောင်ဒေသခံ ပြည်သူများ နားလည်ရန် လုပ်ဆောင်ခဲ့သည်။ 

ဟောင်ကောင်အမျိုးသား လုံခြုံရေးဥပဒေကို ဇွန်လကုန်တွင် စတင်ပြဌာန်းပြီးနောက်ပိုင်း ‘နိုင်ငံတော် လုံခြုံရေးပညာရေးနေ့’ ကို ပထမဆုံးအကြိမ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် ဟောင်ကောင်ရဲများ၏ ဘဲငန်းများ၏ လမ်းလျှောက်ပုံစံ၊ အဓိကရုဏ်း နှိမ်နှင်းရေး ဝတ်စုံများ ဝတ်ဆင်ထားသည့် ရဲများ၏ သရုပ်ဆောင်မှုများအပါအဝင် အခြားပျော်ပွဲရွှင်ပွဲများ ပါဝင်ခဲ့သည်။ တရုတ်အစိုးရ လိုလားသည့် သတင်းစာမျက်နှာဖုံးများတွင်လည်း နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်သည့် ကြေညာအများအပြား ပါဝင်ခဲ့သည်။

တရုတ်အလံများကို ဟောင်ကောင် မြို့တော်အတွင်းရှိ ကျောင်းများတွင် လွှင့်တင်ခဲ့သလို ‘နိုင်ငံတော် လုံခြုံရေး’ ဟု အမှတ်အသားပါသော စာအုပ်များကို ဝေငှပေးခဲ့သည်။ 

မြို့တော်အစိုးရအနေဖြင့် နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ပညာရေးကို ကျောင်းများတွင် မြှင့်တင်ရန်နှင့် ဟောင်ကောင်ဒေသခံများ အနေဖြင့် တရုတ်နိုင်ငံ၏ လုံခြုံရေးကို လေးစားရန် အင်တာနက်မှတစ်ဆင့် လုပ်ဆောင်ခြင်းကို ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေတွင် ပြဌာန်းထားသည်။ 

ဟောင်ကောင်၏ ပညာရေးစနစ်တွင် အခြေခံချို့ယွင်းချက်များ ရှိကြောင်း တရုတ်အာဏာပိုင်များက သတ်မှတ်မှုများကြောင့် ယခုကိစ္စရပ်များကို ဆောင်ရွက်ခြင်း ဖြစ်သည်။ လက်ရှိပညာရေးစနစ်ကြောင့် ၂၀၁၉ ခုနှစ်အတွင်းက လူဦးရေ ၇ ဒသမ ၅ သန်းရှိသော ဟောင်ကောင်တွင် လူ ၁ သန်းခန့် ဆန္ဒပြမှုများ ဖြစ်ခဲ့သည်ဟု ၎င်းတို့က သတ်မှတ်ခဲ့သည်။ ယင်းဆန္ဒပြပွဲများတွင် အထက်တန်းကျောင်းသားများစွာလည်း ပါဝင်ခဲ့သည်။ ဟောင်ကောင်အစိုးရအနေဖြင့် အမျိုးသားလုံခြုံရေးဆိုင်ရာ ပညာရေးသင်ရိုးညွှန်းတမ်းကို  ဖေဖော်ဝါရီလ အတွင်းက ထုတ်ပြန်ခဲ့သည်။ သင်ရိုးညွှန်းတမ်းအသစ်တွင် ‘ခွဲထွက်ရေးဝါဒ’၊ ‘အစိုးရကို ပုန်ကန်ဖြုတ်ချခြင်း’ ကဲ့သို့ အမျိုးသားလုံခြုံရေး ဥပဒေတွင် ပါဝင်သော အဓိက ပြစ်ဒဏ်များကို ပထမတန်းမှ စတင်၍ သင်ကြားရမည်ဖြစ်သည်။ 

မူလတန်းနှင့် အထက်တန်းကျောင်းများတွင် ကျောင်းသားများအနေဖြင့် ပိုးလမ်းမသစ် စီမံကိန်း (BRI) တို့ကို ကောင်းစွာ နားလည်ရန် သင်ယူရမည်ဖြစ်သည်။ ယင်းစီမံကိန်းသည် တရုတ်နိုင်ငံနှင့် ဥရောပ၏ စီးပွားရေး ဇုန်တို့ကို ကုန်းလမ်းနှင့် ရေလမ်းကြောင်းတို့မှတစ်ဆင့်  ဆက်သွယ်ပေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly