အမေရိကန်နှင့် တရုတ်တို့အကြား ပြဿနာတွင် ပထဝီနိုင်ငံရေးအခြေအနေ ပြိုင်ဆိုင်မှု ဖြစ်ပွားနိုင်ဟု ထောက်လှမ်းရေး အစီရင်ခံစာတစ်စောင်တွင် သတိပေး

အမေရိကန်နှင့် တရုတ်တို့အကြား ပြဿနာတွင် ပထဝီနိုင်ငံရေးအခြေအနေ ပြိုင်ဆိုင်မှု ဖြစ်ပွားနိုင်ဟု ထောက်လှမ်းရေး အစီရင်ခံစာတစ်စောင်တွင် သတိပေး

ဧပြီ ၁၅ 

အမေရိကန်နှင့် အနောက်နိုင်ငံများဦးဆောင်သည့် နိုင်ငံတကာစနစ်အပေါ် တရုတ်၏ ခြိမ်းခြောက်မှုကြောင့် ပထဝီနိုင်ငံရေးအခြေအနေသည် ယှဉ်ပြိုင်မှုပိုမို ပြင်းထန်လာနိုင်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် အမေရိကန်ထောက်လှမ်းရေး အရာရှိများက သတိပေးထားသည်။

Global Trends 2040 အမည်ရှိ အစီရင်ခံစာတွင် အနောက်နိုင်ငံများအနေဖြင့် နိုင်ငံတကာ၌ လွှမ်းမိုးမှုတိုးချဲ့ ရန် အခက်အခဲများ ဖြစ်ပေါ်နေခြင်းအပေါ် တရုတ်အနေဖြင့် အခွင့်ကောင်းယူနေကြောင်း The New York Times သတင်းစာတွင် ဖော်ပြထားသည်။

‘ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို မဖြေရှင်းနိုင်သေးပါဘူး။ လာမယ့် ဆယ်စုနှစ်များမှာ ပထဝီနိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်အကြား ပြိုင်ဆိုင်မှုတွေ ပိုမိုကျယ်ပြန့်လာပြီး အခြားနိုင်ငံများအတွက်လည်း မသက်မသာ ဖြစ်လာစေနိုင်ပါတယ်’ ဟု ဖော်ပြထားသည်။ 

“ကမ္ဘာ့ပေါ်က စံနှုန်း၊ စည်းမျဉ်း၊ အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ရသမျှ အားသာချက်တွေကို ယူဖို့ ပါဝါရင်းမြစ်တွေကို တိုးမြှင့် အသုံးချပါလိမ့်မယ်။ ဒေသတွင်း အင်အား၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို အသုံးချပြီး ဒေသအလိုက် လွှမ်းမိုးမှုကို ရယူတဲ့အခါ အဓိကအင်အားကြီးနိုင်ငံတွေ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ဖြစ်လာပါလိမ့်မယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးသား ထောက်လှမ်းရေးကောင်စီက အဆိုပါ အစီရင်ခံစာကို ၄ နှစ် ၁ ကြိမ်ပြုစုရပြီး လူမှုရေး နည်း လမ်းများဖြင့် တရုတ်၏ လုပ်ဆောင်မှုမျိုးကဲ့သို့ အမျိုးသား လုံခြုံရေးဆိုင်ရာ အခက်အခဲများကို ပြုစုဖော်ပြထားသည်။ 

သမ္မတ အိုဘားမား အစိုးရလက်ထက် ၂၀၁၇ ခုနှစ်က ပြုစုထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ကပ်ရောဂါ အန္တရာယ်နှင့် အကျိုးဆက်အဖြစ် စီးပွားရေး ထိခိုက်မှု ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ရာ မှန်ကန်သည့်အစီရင်ခံစာ တစ်စောင် ဖြစ်ခဲ့သည်။ 

“နိုင်ငံတကာ အဆင့်တွင် ပထဝီနိုင်ငံရေး အခြေအနေသည် တရုတ်က အမေရိကန်နှင့် အနောက် အုပ်စုဦးဆောင်သည့် နိုင်ငံတကာစနစ်အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်။ အဓိက အင်အားကြီး နိုင်ငံများအနေဖြင့် စည်းမျဉ်းသစ် လမ်းကြောင်းများအကောင်အထည်ဖော်ပြီး ဦးဆောင်နိုင်အောင် လုပ်ဆောင်နေပါတယ်။ သတင်းအချက်အလက်နဲ့ မီဒီယာမှ ကုန်သွယ်ရေးနှင့် နည်းပညာ တီထွင်ဆန်းသစ်မှု နည်းလမ်းများအထိ  အသုံးပြုပြီး ဒီပြိုင်ဆိုင်မှုတွေဖြစ်လာနိုင်ပါတယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထား သည်။

လူမှုအသိုင်းအဝိုင်းများနှင့်  ကမ္ဘာ့အခင်းအကျင်းများ ပြိုကွဲမှု၊ နိုင်ငံတကာ ကုန်သွယ်ရေးများ ထိခိုက်ပျက်စိးနိုင်မှု၊  နယ်မြေဒေသအုပ်စုများ အုပ်စုကွဲခြင်းတို့ ဖြစ်နိုင်ကြောင်းလည်း အဆိုပါ အစီရင်ခံစာတွင် ဆက်လက် ဖော်ပြသည်။ 

ကိုဗစ်-၁၉ သည် လူသားတို့၏ ဖွံ့ဖြိုးမှုကို နှေးကွေးစေရာတွင် ဆင်းရဲမွဲတေမှု၊ ရောဂါနှင့် ကျား/မ ရေးရာ ခွဲခြားမှု လျော့ချရေးတို့ကို ထိခိုက်စေနိုင်ပြီး အာဖရိက၊ လက်တင်အမေရိကနှင့် တောင်အာရှတို့တွင် ဆင်းရဲမွဲတေမှု အစီအစဉ်များ လျော့ကျစေနိုင်ကာ ကျား/မတန်းတူညီမျှရေး လုပ်ငန်းများတွင်လည်း ဆုံးရှုံးမှုများ ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။

“၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်မှုကဲ့သို့ ကိုဗစ်-၁၉ သည်လည်း အပြောင်းအလဲများစွာ ဖြစ်ပေါ်စေနိုင်ပြီး မိမိတို့ နေထိုင်၊ လုပ်ကိုင်၊ အုပ်ချုပ်မှုပုံစံများကို နှစ်ပေါင်းများစွာ ပြောင်းလဲသွားစေနိုင်သည်” ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly