ပါကစ္စတန်မှာ ပြင်သစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ 

ပါကစ္စတန်မှာ ပြင်သစ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ 
Photo - AFP

ဧပြီ ၁၄

ပါကစ္စတန်မှာ အစွန်းရောက်ပါတီတစ်ရပ်ကို ထောက်ခံသူ ထောင်ပေါင်းများစွာနဲ့ ရဲတပ်ဖွဲ့တို့ဟာ ဒုတိယမြောက်နေ့အဖြစ် အင်္ဂါနေ့ ဆန္ဒပြမှုတွေအတွင်း ထိပ်တိုက်တွေ့ကြပါတယ်။ 

ပြင်သစ်သံအမတ်ကြီးကို နိုင်ငံတွင်းကနေ မောင်းထုတ်ဖို့ တောင်းဆိုကြအပြီး ဖမ်းဆီးထားတဲ့ ခေါင်းဆောင်ကို ပြန်လွှတ်ပေးရေး ဒုတိယမြောက်နေ့အဖြစ် ဆန္ဒပြကြတာ ဖြစ်ပါတယ်။ 

လာဟိုးမြို့က ထိပ်တိုက်တွေ့မှုအတွင်း ဒဏ်ရာရလို့ ရဲတာဝန်ရှိသူတစ်ဦး သေဆုံးတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အစွန်းရောက် TLP ပါတီကတော့ ၎င်းတို့ကို ထောက်ခံသူ သုံးဦး ထိပ်တိုက်တွေ့မှုအတွင်း သတ်ဖြတ်ခံရတယ်လို့ ဆိုပါတယ်။ 

TLP ပါတီရဲ့ သေဆုံးသူ ဖော်ပြတဲ့ သတင်းအပေါ် ရဲတပ်ဖွဲ့က မှတ်ချက်ပေး ပြောဆိုတာ မရှိပါ။ 

TLP ပါတီရဲ့ ခေါင်းဆောင် ဆက်ဒ်ရိဇ်ဗီကို တနင်္လာနေ့က ဖမ်းဆီးသွားတာကြောင့် စိတ်ဆိုးဒေါသထွက်ကြတဲ့ ဆန္ဒပြသူတွေက မြို့တော် အစ္စလာမ္မာဘတ်က အဓိကလမ်းဆုံလမ်းခွတွေကို ပိတ်ဆို့ပြီး လမ်းတွေပေါ်ထွက် ဆန္ဒပြကြတာပါ။

မွတ်စလင်အများစုအတွက် ဘာသာရေးစော်ကားမှုအဖြစ် မှတ်ယူတဲ့ တမန်တော် မိုဟာမတ်ကို ကာတွန်းပုံ ရေးဆွဲဖော်ပြခဲ့တဲ့ မဂ္ဂဇင်းတစ်စောင်ရဲ့ အခွင့်အရေးကို ပြင်သစ်နိုင်ငံက ထောက်ခံမှုကြောင့် သံအမတ်ကြီးကို နိုင်ငံအတွင်းကနေ နှင်ထုတ်ပေးရေး လာမယ့်အပတ်မှာ မြို့တော်အတွင်း စုရုံးဆန္ဒပြကြဖို့ ဆော်ဩပြီး နာရီပိုင်းမှာပဲ ဆက်ဒ်ရိဇ်ဗီကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ 

လာဟိုးမြို့တော်ရဲ့ ပြည်နယ် ပန်ဂျပ်ပြည်နယ်က ကျန်းမာရေးတာဝန်ရှိသူတွေကတော့ ကိုဗစ်-၁၉ လူနာတွေအတွက် မရှိမဖြစ် အောက်ဆီဂျင် ထောက်ပံ့မှုကို အနှောင့်အယှက် မဖြစ်စေဖို့အတွက် ဆန္ဒပြသူတွေကို မေတ္တာရပ်ခံထားပါတယ်။ 

တနင်္လာနေ့ညက ဆေးရုံ သုံးလေးခုမှာ အောက်ဆီဂျင် ပြတ်တောက်မှု ဖြစ်ခဲ့ပေမယ့် အာဏာပိုင်တွေက လမ်းတွေကို ရှင်းလင်းပြီးချိန်မှာတော့ အခြေအနေ ပြန်တည်ငြိမ်ကောင်းမွန်ခဲ့တယ်လို့ ပန်ဂျပ်ပြည်နယ် ကျန်းမာရေးတာဝန်ရှိသူ အက်ဆက်အစ္စလာမ်က ပြောပါတယ်။ 

“ကျေးဇူးပြုပြီး လူနာတင်ကားတွေနဲ့ ဆေးရုံဆီ လာသူတွေအတွက်တော့ လမ်းတွေကို မပိတ်ဆို့ကြပါနဲ့၊ လူနာတင်ယာဉ်အချို့ဟာ အောက်ဆီဂျင်ဘူးတွေ သယ်ဆောင်လာနေတာ ဖြစ်တယ်၊ ကိုဗစ်-၁၉ လူနာတွေအတွက် အောက်ဆီဂျင် ပေးနိုင်ဖို့က သေရေးရှင်ရေး အရေးကြီးလို့ပါ”ဆိုပြီး ၎င်းက ပြောပါတယ်။ 

ပါကစ္စတန်နိုင်ငံအနေနဲ့ ကာကွယ်ဆေး ရှားပါးပြတ်လပ်မှုနဲ့အတူ အသေအဆုံးများတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly