ဧပြီ ၉
မြန်မာနိုင်ငံဆိုင်ရာ ကုလသံတမန် ခရစ္စတင်း ရှာရန်နာ ဘာဂျီနာသည် လာမည့်ရက်ပိုင်းအတွင်း အာရှခရီးစဥ် စတင်ထွက်ခွာရန် ရှိနေကြောင်း၊ သို့သော် မြန်မာနိုင်ငံသို့ ၀င်ရောက်ခွင့် ပိတ်ပင်ခံထားရဆဲ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၈ ရက်တွင် ပြောသည်။
ခရစ္စတင်း ရှာရန်နာ ဘာဂျီနာသည် သူမ၏ ခရီးစဉ်ကို ထိုင်းနိုင်ငံသို့ သွားရောက်ရင်း စတင်မည်ဖြစ်ပြီး တရုတ်သို့လည်း သွားရောက်မည်ဖြစ်ကြောင်း ကုလ ပြောရေးဆိုခွင့်ရှိသူ စတီဖန်နီ ဒူဂျာရစ်က ပြောသည်။
သို့သော် ခရီးစဥ် အစီအစဥ်တွင် အခြားနိုင်ငံများ ပါနေသလားဆိုသည်နှင့် ခရီးစဥ် နေ့ရက်များဆိုင်ရာ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိပေ။
ကုလသံတမန် ဘာဂျီနာကို မြန်မာနိုင်ငံထဲ လာရောက်ရန်အတွက် အာဏာသိမ်းစစ်အုပ်စုက ခွင့်ပြုချက် မပေးသေးကြောင်းလည်း ဒူဂျာရစ်က ပြောသည်။
“သူမအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်သွားနိုင်ဖို့၊ တည်ငြိမ်အေးချမ်းမှု ပြန်ရဖို့အတွက် စစ်တပ်နဲ့ ဆွေးနွေးမှုတွေ ပြန်စဖို့ အသင့်ရှိနေပါတယ်” ဟု ဒူဂျာရစ်က ပြောသည်။
ဘာဂျီနာသည် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများနှင့်အကြား စာရေးသား ဆက်သွယ်မှု ရှိနေသော်လည်း သီတင်းပတ်များအတွင်း တယ်လီဖုန်း ဆက်သွယ်မှု မရှိထားခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
ရည်ရွယ်ချက်က မျက်နှာချင်းဆိုင် ဆွေးနွေးပြောဆိုမှု ပြန်စရန် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ “သူမအနေနဲ့ မြန်မာနိုင်ငံကို အချိန်မရွေး လာရောက်ဖို့ အသင့်ရှိနေပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။