မတ် ၂၆
အမေရိကန်မှာ သမ္မတ ဂျိုးဘိုင်ဒင် ရာထူးရယူပြီးနောက် ပထမဆုံး ရန်စမှုအနေနဲ့ မြောက်ကိုရီးယားဟာ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပါတယ်။
ဒီလို ပစ်လွှတ်ခဲ့တဲ့နောက်မှာ မြောက်ကိုရီးယားအနေနဲ့ စစ်ရေးစမ်းသပ်တာတွေ အရှိန်မြှင့်လုပ်ဆောင်နေမယ်ဆိုရင် အမေရိကန်က တုံ့ပြန်ရလိမ့်မယ်ဆိုပြီး သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
နျူကလီးယား လက်နက်နိုင်ငံ မြောက်ကိုရီးယားဟာ သူ့ ရည်မှန်းချက်တွေ ရှေ့တိုးလုပ်ဆောင်ဖို့အတွက် သေချာအကွက်ကျကျ လုပ်ဆောင်နေရာမှာ တင်းမာမှုတွေကို ဖန်တီးဖို့အတွက် လက်နက်စမ်းသပ်မှုတွေ ပြုလုပ်တတ်တဲ့ သမိုင်းကြောင်း ရှိနေတာပါ။
အခု ဂျိုးဘိုင်ဒင်ရဲ့ တုံ့ပြန်ချက်ဟာ သူ အရိုက်အရာ ဆက်ခံခဲ့တဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ရပ်တည်ချက်နဲ့ ခြားနားကြောင်းကို ပြသလိုက်ရာလည်း ရောက်ပါတယ်။ ထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တမူထူးတဲ့ သံတမန်ဆက်ဆံရေးကို ဖော်ဆောင်ပြီး အလားတူ တာတိုပစ်ဒုံးကျည်တွေ မြောက်ကိုရီးယားက ပစ်လွှတ်စမ်းသပ်မှုတွေကို အဆင့်လျှော့ချပြောခဲ့တာပါ။
အမေရိကန်မှာ အစိုးရသစ် တက်လာပြီးကတည်းက မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ သီတင်းပတ်အထိ တရားဝင်အသိအမှတ် ပြုခဲ့တာမျိုး မရှိပေမယ့် နှစ်နိုင်ငံဆက်ဆံရေးအတွက် အကဲခတ်စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ကြာသပတေးနေ့မှာ မြောက်ကိုရီးယားဟာ အရှေ့ဖက်ကမ်းရိုးတန်းကနေ ဂျပန်ပင်လယ်တွင်း ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပါတယ်။
ဒီ ပစ်လွှတ်မှုဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်ပြီး အမေရိကန်အနေနဲ့ မိတ်ဖက်တွေ၊ မဟာမိတ်တွေနဲ့ ညှိနှိုင်းတိုင်ပင်နေပါတယ်လို့ ဂျိုးဘိုင်ဒင်က ပြောရင်း “စစ်ရေး အရှိန်မြှင့်တာကို ရွေးမယ်ဆိုရင် တုံ့ပြန်မှုတွေ ရှိလာမယ်၊ ဒီအတွက်တော့ ကျွန်တော်တို့ တုံ့ပြန်သွားကြမှာ ဖြစ်တယ်”ဆိုပြီး မြောက်ကိုရီးယားကို သတိပေးပြောဆိုပါတယ်။
“ကျွန်တော်မှာ သံခင်းတမန်ခင်း လမ်းကြောင်းကနေ ပြင်ဆင်ထားတာတွေ ရှိပါတယ်၊ ဒါပေမယ့် မြောက်ကိုရီးယားရဲ့ နျူကလီးယားဖျက်သိမ်းရေး အဆုံးသတ်ရလဒ်ပေါ်မှာ မူတည်ထားတယ်”ဟု သတင်းထောက်တွေကို သမ္မတ ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။