သေကျေပျက်စီးရသည့် ဖြိုခွင်းမှုများကြား ကားသပိတ် ဆင်နွှဲရန် စီစဉ် 

သေကျေပျက်စီးရသည့် ဖြိုခွင်းမှုများကြား ကားသပိတ် ဆင်နွှဲရန် စီစဉ် 

မတ် ၂၂ 

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ၌ လုံခြုံရေးတပ်ဖွဲ့များကို ပြည်သူများကို ပစ်ခတ်သတ်ဖြတ်သည့် သတင်းများ ကြားသိထားလင့်ကစား တက်ကြွလှုပ်ရှားသူများသည် တနင်္လာနေ့၌ လမ်းဆုံလမ်းခွများ တစ်လျှောက် ကားတန်းများ ဟွန်းများတီးကာ မောင်းနှင်ကြပြီး စီးနင်းလိုက်ပါသူများက လက်သုံးချောင်းထောင် တော်လှန်ရေးအလေးပြုကြမည့် ဆန္ဒပြမှုများ ဆင်နွှဲရန် စီစဉ်ကြသည်။ 

တနင်္လာနေ့တွင် ရန်ကုန်ရှိ နေရာနှစ်ခု၌ အာရုဏ်ဦးသပိတ် ဆင်နွှဲခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ ယင်း မတိုင်မီ မန္တလေး၌ ဂျူတီကုတ်များ ဝတ်ဆင်လျက် ကျန်းမာရေးဝန်ထမ်း ဆရာဝန်များ အများစုပါဝင်သော ရာပေါင်းများစွာသော ပြည်သူများသည် နေမထွက်မီ အရုဏ်ဦးသပိတ်တစ်ရပ်ကို ဆင်နွှဲခဲ့ကြသည်။ 

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် နုနယ်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဆယ်နှစ်တာကို အဆုံးသတ်သွားစေသည့် စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်၌ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူလိုက်ကတည်းက ဆန္ဒပြဆန့်ကျင်မှုများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိသည်။ 

မုံရွာမြို့လယ်တွင် အတားအဆီများ ချထားသည့် ဆန္ဒပြအုပ်စုကို ရဲတပ်ဖွဲ့က ပစ်ခတ်၍ လူတစ်ဦး ထိမှန်သေဆုံးပြီး ဒဏ်ရာရသူများ ရှိသည်။ သွေးအလှူရှင်များ လိုအပ်နေသည်ဟု ဖေ့ဘုတ်မှ ပို့စ်တင်တောင်းဆိုခဲ့ရသည်ဟု မုံရွာရှိ ဆရာဝန်တစ်ဦးက ပြောသည်။ 

ယင်းနောက် မန္တလေး၌လည်း စာသင်ကျောင်းတစ်ကျောင်းတွင် စစ်တပ်က လာရောက်တပ်စွဲမည်ကို ဒေသခံများက ဖီဆန်ကြ၍ လုံခြုံရေးတပ်များက ပစ်ခတ်ရာ လူတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရကြောင်း Myanmar Now သတင်းတွင် ဖော်ပြသည်။ 

အာဏာသိမ်းပြီးချိန်ကစကာ ပစ်ခတ်သတ်ဖြတ်ခံရသူ ဦးရေသည် လက်ရှိ၌ အနည်းဆုံး ၂၅၀ အထိ ရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့၏ စာရင်းအရ သိရသည်။ 

အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ပြည်သူအများစုသည် စစ်အုပ်ချုပ်ရေးအောက် ပြန်မရောက်လိုကြောင်းကို ဆန်းသစ်သော နည်းလမ်းများဖြင့် ဆန္ဒဖော်ပြနိုင်ရန် ကြံဆလာခဲ့ကြသည်။ 

အာဏာသိမ်းမှုနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြသမှုဖြစ်ကာ တစ်နိုင်ငံလုံး အထွေထွေသပိတ်ဖြစ်သည့် ၂၂၂၂၂ အထွေထွေသပိတ် တစ်လပြည့် ဆင်နွှဲရန် တက်ကြွလှုပ်ရှားသူများသည် ပြည်သူများအား ကားတန်းလှည့်လည် ဆန္ဒပြမှု၌ ပါဝင်ကြရန် လူမှုမီဒီယာ ပို့များတင်၍ တိုက်တွန်းထားကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly