နိုဝင်ဘာ ၂၅၊ ရန်ကုန် ။ ။ ၂၀၁၅ အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲတွင် ဝင်ပြိုင်နေသော ACE ဖူဆယ်အမျိုးသမီးဘောလုံးကလပ် အသင်းသည် နှစ်ပွဲဆက် ရှုံးပွဲ ကြုံတွေ့နေရပြီး အုပ်စုအဆင့်မှ ထွက်ရဖွယ်ရှိနေသည်။
အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲသို့ ဝင်ပြိုင်နေသော ACE ဖူဆယ်အမျိုးသမီးအသင်းမှာ မြန်မာ့လက်ရွေး စင် အမျိုးသမီးဖူဆယ်ဘောလုံးအသင်းဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် ပွဲဦးထွက်တွင် သြစတြေးလျကလပ် Dural Warriors အသင်းကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အလားတူ နိုဝင်ဘာ ၂၅ ရက်တွင် ကစားခဲ့သည့် အုပ်စုဒုတိယပွဲစဉ်တွင် လည်း ဗီယက်နမ်ကလပ် Thai Son Nam အသင်းကို ၄-၀ ဂိုး ဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင် အမျိုး သမီးဖူဆယ်ဘောလုံး((ACE))အသင်းသည် နှစ်ပွဲ ဆက် ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုမှ နောက်တစ်ဆင့်သို့ တက်ရန် မျှော်လင့် ချက် မှေးမှိန်ခဲ့ရသည်။
မြန်မာ ACE ဖူဆယ်အမျိုးသမီးအသင်းသည် နိုဝင်ဘာ ၂၆ ရက်တွင် မလေးရှားကလပ် Felda United အသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာ ၂၇ ရက်တွင် ထိုင်းကလပ် Asian Scholars အသင်းတို့နှင့် ဆက်လက်ကစားမည်ဖြစ် သည်။ ၂၀၁၅ အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲများကို လာမည့် နိုဝင်ဘာ ၂၉ ရက်တွင် ကစားမည်ဖြစ်သည်။