တရုတ်နိုင်ငံထုတ် သီရိလင်္ကာနိုင်ငံအလံပုံပါ ခြေသုတ်ဖုံရောင်းချမှုအပေါ် သီရိလင်္ကာနိုင်ငံသားများစိတ်ဆိုးဒေါသထွက်

တရုတ်နိုင်ငံထုတ် သီရိလင်္ကာနိုင်ငံအလံပုံပါ ခြေသုတ်ဖုံရောင်းချမှုအပေါ် သီရိလင်္ကာနိုင်ငံသားများစိတ်ဆိုးဒေါသထွက်

မတ် ၁၈ 
 
‘သီရိလင်္ကာနိုင်ငံအလံပုံ ရိုက်နှိပ်ထားသည့် ခြေသုတ်ဖုံ’ ရောင်းချမှုနှင့်ပတ်သက်သည့် သတင်းများ မကြာသေးခင်က ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ် ရောက်ရှိထားခဲ့ခြင်းအပေါ် တရား၀င် ထုတ်ပြန်ချက်တစ်ရပ် သီရိလင်္ကာနိုင်ငံက မတ်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ထို့ပြင် သီရိလင်္ကာသည် ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတွင်းရှိတရုတ်သံရုံးကိုလည်း စောဒကတက် ပြောကြားထားသည်။

တရုတ်နိုင်ငံရှိ သက်ဆိုင်ရာ ထုတ်လုပ်သူလုပ်ငန်းရှင်ကို ဆက်သွယ်ရန် သီရိလင်္ကာ နိုင်ငံခြားရေး၀န်ကြီးဌာနမှအတွင်း၀န် ရေတပ်ဗိုလ်ချုပ်ကြီး ဂျေယာနက်သ် ကိုလွန်ဘေ့ချ်က ပေကျင်းရှိ သီရိလင်္ကာသံရုံးဆီ အကြောင်းကြားထားကြောင်း တရား၀င် ထုတ်ပြန်ချက်တစ်စောင်အရ သိရသည်။ ထို့ပြင် ၎င်းသည် သီရိလင်္ကာနိုင်ငံ၏ အမျိုးသားအလံကို ခြေသုတ်ဖုံတစ်ခုအနေဖြင့် ကြော်ငြာမှုနှင့်ပတ်သက်၍ ကိုလံဘိုရှိ တရုတ်သံရုံးကိုလည်း ထပ်မံအသိပေးထားခဲ့သည်။
 “ဝါရှင်တန်ဒီစီမှာ ရှိတဲ့ သီရိလင်္ကာ သံရုံးကိုလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ကြော်ငြာပလက်ဖောင်းဖြစ်တဲ့ အမေဇုန်ကိုစောဒကတက် ပြောကြားဖို့ ညွှန်ကြားထားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 ‘ရှန်ဟုန် လင်း’ အမည်ရ တရုတ်ကုမ္ပဏီတစ်ခုက ထုတ်လုပ်ထားပြီး ပေါ်လီ အက်စတာဖြင့် ဖန်တီးပြုလုပ်ထားသည့် ထိုအလံကို e-commerce ကုမ္ပဏီ အမေဇုန်တွင် ရောင်းချမည်ဟု ကြော်ငြာခဲ့သည်။ ယင်းကို တစ်ခုလျင် ၁၂ဒေါ်လာ ဖြင့် ရောင်းချနေသည်။

တစ်ချိန်တည်းမှာပင် သံတမန်ရေး ထိခိုက်ပျက်ပြားနိုင်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် သီရိလင်္ကာရှိတရုတ်သံရုံးက ‘သံရုံးအနေဖြင့် သီရိလင်္ကာ အမျိုးသားအလံကို မတော်တလျော်ကြော်ငြာမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတစ်ချို့ကို သိရှိပါကြောင်း’ ထုတ်ပြန်ချက်တစ်ခုတွင် ပြောခဲ့သည်။

ထုတ်ပြန်ချက်တစ်စောင်ထဲတွင် အမေဇုန်ကို မဆိုင်းမတွ အပြစ်ဖို့ခဲ့သော်လည်း တရုတ်ကုမ္ပဏီ၏ ပါ၀င်ပတ်သက်မှုအကြောင်း ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိပေ။ များစွာသော နိုင်ငံအသီးသီးမှ ရောင်းချသူများ ထုတ်လုပ်ခိုင်းထားသည့် နိုင်ငံတော်အလံမျိုးစုံနှင့်အလားတူ ထုတ်ကုန် ထောင်နှင့်ချီတို့လည်း ဤကမ္ဘာလုံးဆိုင်ရာ အွန်လိုင်းလက်လီလုပ်ငန်းကြီးပေါ်တွင် ဝယ်ယူရရှိနေသည်ကို သံရုံးဘက်က သိရှိထားကြောင်း ယင်းက ထောက်ပြခဲ့သည်။

တရုတ် သံအဖွဲ့၏ တွစ်တာ‌ရေးသားချက်တစ်ခုတွင် ‘နိုင်ငံ အလံပုံပါ ခြေသုတ်ဖုံ’ များကို အမေဇုန် ၀က်ဘ်ဆိုဒ်ပေါ်တွင် ရှာဖွေမှုများ လုပ်ဆောင်သည့် screenshots များကို ယှဥ်တွဲဖော်ပြခဲ့သည်။

ဘာပဲဖြစ်ဖြစ် အမြဲတစေ အတူရပ်တည်သည့် မိတ်ဆွေနိုင်ငံတစ်နိုင်ငံနှင့် အနီးကပ်ဆုံး ပါတနာဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် နှစ်ဦးနှစ်ဖက် နယ်ပယ်ကဏ္ဍများ သို့မဟုတ် နိုင်ငံတကာဆွေးနွေးပွဲများတွင် မည်သို့ပင်ဖြစ်ပါစေငြိမ်းချမ်းရေး၊ သာယာ၀ပြောရေးနှင့် ဂုဏ်သိက္ခာတို့အတွက် ဆယ်စုနှစ်များစွာကြာ သီရိလင်္ကာကို လေးစားပြီးထောက်ခံပါကြောင်း တရုတ်သံရုံးက အလေးပေးပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly