မတ် ၁၃
တရုတ်နိုင်ငံထုတ် ကိုယ်ထည်ဘောင်အသုံးပြုထားပြီး တန်ဖိုးနည်း၊ အလေးချိန်နည်းပြီး ဘက်စုံအသုံးပြုနိုင်သည့် ပါကစ္စတန်၏ JF-17 "Thunder" တိုက်လေယာဉ်သည် အခြား ခေတ်မီစက်လက်နက် ပစ္စည်းများထက် အသုံးပြုထိန်းသိမ်းစရိတ် မြင့်မားခြင်းကြောင့် တွက်ခြေမကိုက် ဖြစ်နေသည်။
အဆိုပါလေယာဉ်အမျိုးအစားကို ပူးပေါင်းထုတ်လုပ်မှုအတွက် ပါကစ္စတန်နှင့် တရုတ်တို့အကြား ၁၉၉၉ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးခဲ့ရာတွင် အဆင့်မြှင့်တင်ရန် ကုန်ကျစရိတ်များအတွက်လည်း မျှဝေကျခံမည့်အချက် ပါဝင်ခဲ့သည်။
JF-17 သည် Su-30MKI၊ Mig-29 နှင့် Mirage-2000 ကဲ့သို့ပင် အရည်အသွေးရှိမည်ဟု ပါကစ္စတန်က ယုံကြည်ခဲ့သည်။ ယင်းလေယာဉ်တွင် အနောက်နိုင်ငံမှ လေယာဉ်များအတွက် အီလက်ထရောနစ်စနစ်ကို တပ်ဆင်ထားပြီး ရုရှားနိုင်ငံထုတ် Klimov RD 93 လေယာဉ်အင်ဂျင်ကို တပ်ဆင်ထားသည်။
Pentapostagma ဝက်ဘ်ဆိုက်သတင်းအရ လေယာဉ်တစ်စင်း၏ အရည်အသွေးကို တပ်ဆင်ထားသည့် အီလက်ထရောနစ်စနစ်၊ လက်နက်များနှင့် အင်ဂျင်စွမ်းရည်တို့ဖြင့် အကဲဖြတ်ခြင်း ဖြစ်ပြီး JF-17 သည် ယင်းကဏ္ဍအများစုတွင် အရည်အသွေးပြည့်မီခြင်း မဖြစ်ပေ။
ပါကစ္စတန်၏ အကြမ်းဖက်အုပ်စုတစ်ခုကို ပစ်မှတ်ထားခဲ့သည့် အိန္ဒိယလေတပ်ကို တန်ပြန်တိုက်ခိုက်ခဲ့စဉ်က JF-17 သည် IAF Mirage-2000 နှင့် SU-30s တို့ထက် စွမ်းဆောင်ရည် များစွာ နိမ့်ခဲ့သည်။
“JF-17 ရဲ့ လေကြောင်းကာကွယ်ရေးမှာ Link-17 အချက်အလက် လွှဲပြောင်းမှုက စိတ်မချရသလို ကြားဖြတ်တိုက်ခိုက်တဲ့ ရေဒါစနစ်ကလည်း ထိရောက်မှု မရှိပါဘူး” ဟု Pentapostagma တွင် ဖော်ပြထားသည်။
JF-17 ၏ အီလက်ထရောနစ်စနစ်မှ အရေးကြီးအစိတ်အပိုင်းသည် KLJ-7 Al ရေဒါစနစ်နှင့် လက်နက်ပစ်ခတ်မှု ထိန်းချုပ်ရေးကွန်ပြူတာစနစ် (WMMC) ဖြစ်ပြီး ယင်းစနစ်များတွင်လည်း ပြဿနာရှိနေသည်။
ပါကစ္စတန်အနေဖြင့် တရုတ်၏ တန်ဖိုးနည်း J-10 တိုက်လေယာဉ်ကို ဝယ်ယူရန် စဉ်းစားနေပြီး တစ်စင်းလျှင် ၂၀၁၈ ခုနှစ်ပေါက်ဈေးမှာ ကန်ဒေါ်လာ ၂၅ သန်းရှိသော်လည်း ပါကစ္စတန်၏ ရူးပီးငွေဈေးသည် ယမန်နှစ်က ၃၀ ရာခိုင်နှုန်းကျဆင်းသွားသောကြောင့် ကုန်ကျစရိတ် ပိုမို များလာမည်ဖြစ်သည်။
ပါကစ္စတန်အနေဖြင့် ဘဏ္ဍာရေးအခြေအနေ ကောင်းမွန်ခြင်း မရှိသောကြောင့် အစိုးရအနေဖြင့် တရုတ်မှ လေယာဉ်အစိတ်အပို်ငးနှင့် အပိုပစ္စည်းများ ဝယ်ယူရန် အခက်အခဲများလည်း ရှိနေသည်။