ပါကစ္စတန် အမျိုးသမီးများက “ကပ်ရောဂါသဖွယ်ဖြစ်နေသော အမျိုးသားကြီးစိုးမှု” အားဆန္ဒပြ

By DW
12 March 2021
ပါကစ္စတန် အမျိုးသမီးများက “ကပ်ရောဂါသဖွယ်ဖြစ်နေသော အမျိုးသားကြီးစိုးမှု” အားဆန္ဒပြ

မတ် ၁၂

ပါကစ္စတန်အမျိုးသမီးများသည် ဘာသာရေးအရ အစွန်းရောက်သူများကို အာခံရန်အတွက် နိုင်ငံတကာ အမျိုးသမီးများနေ့ အထိန်းအမှတ်အဖြစ် ပါကစ္စတန်နိုင်ငံ၏ အဓိကကျသော မြို့ကြီးများတွင် ပျော်ရွှင်စွာ စုဝေးဆန္ဒပြခဲ့ကြသည်။

အမျိုးသမီးများအား တန်းတူအခွင့်အရေးပေးရန် တောင်းဆိုရေးအတွက် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အစ္စလာမ်မာဘတ်၊ လာဟောနှင့် ကရာချီတို့တွင် နှာခေါင်းစည်း ဝတ်ဆင်ထားသည့် ဆန္ဒပြသူများ ချီတက်ဆန္ဒပြခဲ့ကြသည်ဟု ပါကစ္စတန် သတင်းဌာနများတွင် လွန်ခဲ့သော တနင်္လာနေ့(၉.၃.၂၀၂၁)က ဖော်ပြထားသည်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသော အချိန်အတွင်းတွင် ဖြစ်သောကြောင့် ဆန္ဒပြသူများအနေဖြင့် ခြောက်ပေအကွာတွင် မဖြစ်မနေ နေထိုင်ပေးရန် ဆန္ဒပြပွဲစီစဉ်သူများက တောင်းဆိုခဲ့သည်ဟုလည်း ဖော်ပြထားသည်။ မိမိတို့၏ တောင်းဆိုချက်များအား လူမှုကွန်ရက်မီဒီယာပေါ်တွင် တင်ရန်အတွက်လည်း ဆန္ဒပြပွဲစီစဉ်သူများက အားပေးအားမြှောက်ပြုခဲ့သည်ဟု ပါကစ္စတန်သတင်းဌာန DAWN တွင် ဖော်ပြထားသည်။

ဤချီတက်ဆန္ဒပြပွဲများအား ၂၀၂၀ ခုနှစ် ချီတက်ဆန္ဒပြမှုတစ်ခုကို တိုက်ခိုက်ခံခဲ့ရပြီးနောက် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
 
အိမ်တွင်းအကြမ်းများကို သရုပ်ဖော်ရန် လမ်းမများပေါ်တွင် အမျိုးသမီးအချို့က ပါကစ္စတန် ရိုးရာဝတ်စုံဖြစ်သော Salwar Kameez များ ဝတ်ဆင်ခဲ့ကြပြီး အခြားသူများကလည်း ဂါဝန်များဝတ်ဆင်ကြသည်။
 
ချီတက်ဆန္ဒပြသော အမျိုးသမီးများသည် ၎င်းတို့၏ တောင်းဆိုချက်များကို ဖော်ပြရန်အတွက် အရောင်အသွေးစုံသော လက်ကိုင်ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။ အစ္စလာမ်မာဘတ်ရှိ ချီတက်ဆန္ဒပြပွဲကို ဦးဆောင်သူများသည် “ကျွန်မတို့က ကျွန်မတို့ရဲ့ မြို့တော်ကို ပြန်လည်တောင်းယူနေတာပါ” ဟု ရေးသားထားသည့် လက်ကိုင်ဆိုင်းဘုတ်များ၏ပုံများကို မျှဝေခဲ့သည်။

 
အမျိုးသမီးအခွင့်အရေး အဖွဲ့များ၏ မဟာမိတ်အဖွဲ့တစ်ဖွဲ့ဖြစ်သော အမျိုးသမီးများ ဒီမိုကရက်တစ် တပ်ဦးကလည်း ချီတက်ဆန္ဒပြနေစဉ်အတွင်း အမျိုးသမီးများ ကခုန်နေသည့် ဗီဒီယိုတစ်ခုကို မျှဝေခဲ့ပြီး “ဘယ်သူမှ မေ့ပျောက်လို့မရမယ့် အမျိုးသမီးဝါဒီ အောင်ပွဲတစ်ရပ်”  ဟုလည်း ဖော်ပြထားသည်။
 
ပါကစ္စတန်နိုင်ငံအတွင်းရှိ အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုများနှင့် မတရားမှုများအကြောင်း အသိပေးတင်ပြလေ့ရှိကြသည်။ လာဟောရှိ အမျိုးသမီးများ ချီတက်ပွဲတွင် ၂၀၂၁ ခုနှစ် ချီတက်ဆန္ဒပြပွဲအား “ကပ်ရောဂါသဖွယ်ဖြစ်နေသော အမျိုးသားကြီးစိုးမှု” ကို ဆန့်ကျင်သော ချီတက်ဆန္ဒပြမှုတစ်ခုအဖြစ် ဖော်ပြထားသည်။
 
 ဆန္ဒပြသူများသည် လာမည့်ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘတ်ဂျတ်လျာထားမှု တိုးမြှင့်ရန်နှင့် အဆိုပါ တိုးမြှင့်မှုအား အမျိုးသမီးများနှင့် လိင်ပြောင်း ထားသူများ အတွက်ပါ မည်သို့အသုံးပြုသွားမည့်အကြောင်း ပွင့်လင်းမြင်သာစွာ ဖော်ပြရန် တောင်းဆိုနေခြင်းဖြစ်သည်။

လိင် သို့မဟုတ် လူမျိုးရေးနောက်ခံအပေါ် ခွဲခြားခြင်းမပြုဘဲ ကာကွယ်ဆေးထိုးခွင့်ရရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ပုဂ္ဂလိကပိုင်ပြုခြင်းအား အဆုံးသတ်ရန်တို့ကိုလည်း တောင်းဆိုခဲ့ကြသည်။
 
အခြားတောင်းဆိုမှုများတွင် မိသားစုဝင်များက သန္ဓေတားဆေးအသုံးပြုမှုကို တားမြစ်ခြင်းအား အိမ်တွင်းအကြမ်းဖက်မှုအဖြစ် အသိမှတ်ပြုပေးရန်နှင့် ရာသီလာလျှင်သုံးသော ပစ္စည်းများအတွက် အစိုးရမှ ထောက်ပံ့ကြေးပေးရန်တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly