သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အောင်ပွဲအဖြစ် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု ရန်ပုံငွေကို ကွန်ဂရက် အတည်ပြု 

သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အောင်ပွဲအဖြစ် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု ရန်ပုံငွေကို ကွန်ဂရက် အတည်ပြု 
Photo - AFP

မတ် ၁၁ ၊၂၀၂၁

သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ကိုဗစ်-၁၉ မှ စီးပွားရေးပြန်လည်ကုစားရေး ရန်ပုံငွေအမြောက်အမြားကို ဗုဒ္ဓဟူးနေ့မှာ အမေရိကန် ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ 

ခုလို အတည်ပြုလိုက်တာဟာ သမ္မတ ဂျိုးဘိုင်ဒင်အတွက်တော့ ထူးကဲတဲ့ အောင်ပွဲတစ်ရပ်ပဲ ဖြစ်ပြီး သူပြောထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်း ဘေးဒုက္ခကြုံခဲ့ရတဲ့ မိသားစုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ‘တိုက်ပွဲအခွင့်အရေး’ ကို လမ်းပွင့်စေတာ ဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ စီးပွားရေး ပြန်လည်ကုစားမှု ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံကို အတည်ပြုနိုင်ရေးအတွက် လများစွာ အချိန်ကုန်ခဲ့ရတာပါ။ အခု ရန်ပုံငွေဟာဆိုရင် အမေရိကန်မှာ အကြီးမားဆုံး ကယ်ဆယ်ရေး ရန်ပုံငွေတွေထဲက တစ်ခုအပါအဝင် ဖြစ်ခဲ့ပါပြီ။  

ကမ္ဘာ့စီးပွားရေး အကြီးဆုံး အမေရိကန်နိုင်ငံမှာ လူမှုအသိုင်းအဝန်း လုံခြုံရေးကွန်ရက်ကို ကာကွယ်ရေးနဲ့ ချဲ့ထွင်ရေး လုပ်ဆောင်လျက် ရှိနေချိန် အခု ရန်ပုံငွေက ဘက်ပေါင်းစုံကို ဖြည့်စည်းပေးမှာလည်း ဖြစ်ပါတယ်။ 

အခုလို ရန်ပုံငွေကို အတည်ပြုလိုက်နိုင်တာနဲ့ ပတ်သက်လို့ ဒီမိုကရက်ပါတီဝင်တွေကတေ့ အကျပ်အတည်းကာလအတွင်းမှာ သမိုင်းဝင် ဖြစ်ရပ်နဲ့ ရင်ဆိုင်နေရတာလို့ ပြောဆိုပါတယ်။  

ဒီ ရန်ပုံငွေကနေပြီး ကာကွယ်ဆေးဖြန့်ဖြူးရေးလုပ်ငန်းစဉ်တွေအတွက် ပြည်နယ်အစိုးရတွေကို ဒေါ်လာငွေ ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်သူတွေကိုလည်း အမေရိကန်ဒေါ်လာ ၁၄၀၀ စေ့ဆော်မှုငွေကြေး အသီးသီး ပေးသွားမှာ ဖြစ်သလို အလုပ်လက်မဲ့ အကျိုးခံစားခွင့်ကို တိုးချဲ့ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အစိုးရရန်ပုံငွေကိုလည်း တိုးချဲ့ပေးသွားမှာ ဖြစ်ပါတယ်။ 

အခု ရန်ပုံငွေကို ကွန်ဂရက်လွှတ်တော်မှာ ရီပတ်ဘလီကန်အမတ်တွေ ထောက်ခံမှု လုံးဝမရှိဘဲ ထောက်ခံမဲ ၂၂၀၊ ကန့်ကွက်မဲ ၂၁၁ မဲနဲ့ ပွတ်ကာသီကာ အတည်ပြုလိုက်နိုင်တာ ဖြစ်ပါတယ်။ 

ကွန်ဂရက်လွှတ်တော်က အတည်ပြုပြီး ဖြစ်တာကြောင့် အခု ရန်ပုံငွေဥပဒေကြမ်းကို အိမ်ဖြူတော်မှာ သမ္မတ ဂျိုးဘိုင်ဒင်က သောကြာနေ့မှာ လက်မှတ်ထိုးပြီး ဥပဒေအတည်ပြုရဖို့ပဲ ရှိပါတော့တယ်။ အခု ရန်ပုံငွေကို အမေရိကန်ကယ်ဆယ်ရေးစီမံချက်အဖြစ် အမည်တပ်ထားပြီး သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ်ထဲမှာ အပါအဝင်ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly