ကိုဗစ် ကုစားရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံကို ဆီးနိတ် အတည်ပြု

 ကိုဗစ် ကုစားရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံကို ဆီးနိတ် အတည်ပြု
Photo: EPA

အမေရိကန်နိုင်ငံမှာ ကိုဗစ်ကပ်ဘေးကြောင့် အထိနာနေတဲ့ စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် သမ္မတ ဂျိုးဘိုင်ဒင် အဆိုပြုထားတဲ့ ကပ်ဘေးကုစားရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံကို ဆီးနိတ်လွှတ်တော်ဟာ စနေနေ့မှာ မဲပေးအတည်ပြုလိုက်ပါပြီ။

နာရီအတော်ကြာအေင် အချေအတင်ဆွေးနွေးမှုတွေ၊ သဲသဲမဲမဲ အပြန်အလှန်ငြင်းခုံမှုတွေအပြီး ညပိုင်းမဲပေးမှုမှာ ဒီ ရန်ပုံငွေကို ဆီးနိတ်လွှတ်တော်မှာ အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

ထောက်ခံမဲ ၅၀၊ ကန့်ကွက် ၄၉ မဲနဲ့ ဆီးနိတ်မှာ အတည်ပြုလိုက်တဲ့ ဒီ ရန်ပုံငွေဥပဒေကြမ်းကို ဒီမိုကရက် အများစုဖြစ်တဲ့ အောက်လွှတ်တော်မှာ မဲခွဲကြဦးမှာ ဖြစ်ပါတယ်။

အခု စီးပွားရေး စေ့ဆော်မှု ရန်ပုံငွေ ဥပဒေကြမ်းကို ဆီးနိတ်က အတည်ပြုရာမှာ အနိမ့်ဆုံးလစာ တစ်နာရီကို ၁၅ ဒေါ်လာ တိုးမြှင့်ပေးတဲ့ ဦးစားပေး အဆိုပြုချက် မပါဝင်တော့ပေမယ့်လည်း ကပ်ဘေးကနေ ပြန်လည်ဦးမော့ရေးအတွက် ဒီမိုကရက်တွေရဲ့ ကြိုးပမ်းမှုမှာ အရာထင်တဲ့ အောင်မြင်မှုတစ်ရပ်ပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် လူပေါင်း ငါးသိန်းကျော်ထက်မနည်း သေဆုံးထားပြီး စီးပွားရေးလည်း အားချည့်နေတော့တာ ဖြစ်ပါတယ်။

“နေ့တွေ၊ ညတွေ၊ နှစ်တွေဟာ ရှည်ကြာခဲ့ပေမယ့် အခုုတော့ နေ့သစ် ထွက်ပြူလာပါပြီ၊ အမေရိကန် ပြည်သူတွေကို ကူညီပေးဖို့ လမ်းပွင့်ပြီလို့ ကျွန်တော်တို့ ပြောချင်ပါတယ်”လို့ ထိပ်တန်းဆီးနိတ် ဒီမိုကရက်အမတ် ချက်ရှုးမားက မဲမပေးခင်မှာ ပြောပါတယ်။

“အခု ဥပဒေကြမ်းအရ ဆယ်စုနှစ်တွေအတွင်း ပြည်နယ်အစိုးရတွေ လုပ်ကိုင်ဆောင်ရွက်ပေးထားတာ မှန်သမျှထက် ပြည်သူတွေကို ပိုပြီး အကူအညီ ပေးလာနိုင်တော့မှာ ဖြစ်တယ်”ဆိုပြီး သူက ပြောပါတယ်။

ဒီ ရန်ပုံငွေဥပဒေအရ အမေရိကန်နိုင်ငံသားတွေကို အကူအညီ ငွေကြေး ဒေါ်လာ ၁၄၀၀ စီ ပေးသွားနိုင်မှာ ဖြစ်သလို ပြည်နယ်နဲ့ ဌာနေအစိုးရတွေအတွက် ဒေါ်လာ ၃၅၀ ဘီလီယံနဲ့ စာသင်ကျောင်းတွေအတွက် ဒေါ်လာ ၁၃၀ ဘီလီယံ ချထားပေးသွားနိုင်မှာ ဖြစ်ပါတယ်။

ဒါအပြင်လည်း ကိုဗစ် စမ်းသပ်စစ်ဆေးခြင်း၊ ခြေရာခံခြင်းနဲ့ သုတေသနလုပ်ငန်းတွေအတွက် ဒေါ်လာ ၄၉ ဘီလီယံနဲ့ ကာကွယ်ဆေး ဖြန့်ဖြူးရေး လုပ်ငန်းစဉ်တွေအတွက် ဒေါ်လာ ၁၄ ဘီလီယံ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required