တရုတ်က ထိုင်ဝမ်အပေါ် ထိုးနှက်တိုက်ခိုက်မှု အမြင့်ဆုံးအဆင့် ရောက်ရှိနေဟု ကျွမ်းကျင်သူများ ပြောကြား

By ZEE5
04 March 2021
တရုတ်က ထိုင်ဝမ်အပေါ် ထိုးနှက်တိုက်ခိုက်မှု အမြင့်ဆုံးအဆင့် ရောက်ရှိနေဟု ကျွမ်းကျင်သူများ ပြောကြား

တိုင်ပေ (ထိုင်ဝမ်)

တရုတ်နိုင်ငံက ထိုင်ဝမ်အပေါ် စစ်ရေးမဟုတ်သည့် Gray Zone ထိုးနှက်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းသည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး လုံးဝ ဝင်ရောက် ကျူးကျော်ရန် ပြင်ဆင်နေသည့် သဘော ဖြစ်ကြောင်း ဒေသတွင်း စစ်ရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ မတ် ၄ ရက်နေ့က သတိပေးချက်ကို ကိုးကားလျက် Focus Taiwan သတင်းဌာနက ဖော်ပြခဲ့သည်။

Gray Zone ထိုးနှက်တိုက်ခိုက်မှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်နိုင်ငံကို အနှောက်အယှက်ပေးခြင်း ဖြစ်ပြီး စစ်ရေးလုပ်ငန်းတစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း တရားဝင် ဝင်ရောက်တိုက်ခိုက်သည့် စစ်ပွဲတစ်ခု မဟုတ်ပေ။

အစိုးရကထောက်ပံ့ထားသည့် funded Institute for National Defense and Security Research (INDSR) မှ လေ့လာသုံးသပ်သူ ရှူဆောင်ဟွန်းက Gray Zone ထိုးနှက်တိုက်ခိုက်မှုတွင် ပါဝင်သည့် အဖွဲ့အစည်းများသည် သမာရိုးကျမဟုတ်သည့် နည်းလမ်းများ ဗျူဟာများကို အသုံးပြုကြပြီး အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ တစ်ဆင့် ထိုးနှက်မှုများကို လုပ်ဆောင်ကြခြင်း ဖြစ်ကြောင်း ပြောသည်။

ရန်သူ၏ လုပ်ဆောင်ချက်များသည် နည်းလမ်းအမျိုးမျိုး ဖြစ်နိုင်သောကြောင့် Gray Zone ထိုးနှက် တိုက်ခိုက်မှု၏ ပစ်မှတ်များနှင့် ပတ်သက်၍ မည်ကဲ့သို့ တုန့်ပြန်ရမည်ကို ချက်ခြင်းသိနိုင်ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

လွန်ခဲ့သည့် နှစ်များမှစ၍ တရုတ်အစိုးရက ထိုင်ဝမ်ကို Gray Zone ထိုးနှက်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာတွင် ဝါဒဖြန့်ချိရေး၊ စီးပွားရေးဖိအား၊ အွန်လိုင်းကောလာဟလများနှင့် သတင်းမှားများဖြင့် ထိုင်ဝမ်အစိုးရအပေါ် နိုင်ငံရေး ဖိအားများပေးခဲ့ကြောင်း ရှူက ပြောသည်။

ထိုင်ဝမ်အပေါ် ယင်းကဲ့သို့ ထိုးစစ်ဆင်မှုများသည် တရုတ်အစိုးရက တကယ့်စစ်ပွဲ ဆင်နွှဲခြင်း မဟုတ်သော်လည်း အပြည့်အဝ အင်တိုက်အားတိုက် ကျူးကျော်မှု များအတွက် ပြင်ဆင်နေသည့် သဘောဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဟောင်း အင်ဒရူးယန်းက တရုတ်အစိုးရအနေဖြင့် ထိုင်ဝမ်အား နိုင်ငံရေး၊ စစ်ရေးနှင့် စိတ်ဓာတ် ရေးရာတို့တွင် အင်အားချိနဲ့ အခက်အခဲများ ဖြစ်အောင် စစ်ဆင်ရေး လုပ်ဆောင်နေကြောင်း ဖိုရမ်တစ်ခုတွင် ပြောကြားသည်။

သို့‌သော် ကံကောင်းထောက်မစွာဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းက ထိုင်ဝမ်အနီး တရုတ်၏ စစ်ရေး လှုပ်ရှားမှုများ ကို လွန်ခဲ့သည့် နှစ်များက အာရုံစိုက်လာပြီး တရုတ်၏ စစ်ရေးခြိမ်းခြောက်မှု သတိပေးချက်ကို အထူးသတိပြုလာ ကြောင်း ယန်းက ပြောကြားသည်။

တရုတ်ပြည်မကြီး၏ အရှေ့တောင်ဖက် ကမ်းရိုးတန်း တစ်ဖက်ကမ်းတွင် တည်ရှိပြီး လူဦးရေ ၂၄ သန်းရှိသော ထိုင်ဝမ်ကို တရုတ်က ၎င်း၏ အချုပ်အခြာပိုင်နယ်မြေအဖြစ် ကြေညာထားသော်လည်း နှစ်ဖက်စလုံးက သီးခြား အစိုးရများဖြင့် အုပ်ချုပ်လာခဲ့သည်မှာ နှစ် ၇၀ ကျော် ကြာမြင့်ပြီ ဖြစ်သည်။

အမေရိကန်အပါအဝင် အခြားဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေသည့် ထိုင်ဝမ်အစိုးရကလည်း တရုတ်၏ ရန်လိုမှုများကို တုန့်ပြန်ရင်ဆိုင်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly