ပြည်ပနိုင်ငံများနှင့် ဆက်ဆံခွင့်ရှိကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်ကို သတိပေး

By Taiwan News
03 March 2021
ပြည်ပနိုင်ငံများနှင့် ဆက်ဆံခွင့်ရှိကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်ကို သတိပေး

ထိုင်ဝမ်သည် အချုပ်အခြာအာဏာပိုင်၍ လွတ်လပ်သော နိုင်ငံဖြစ်သောကြောင့် အခြားနိုင်ငံများနှင့် ဆက်ဆံရာတွင် တရုတ်အနေဖြင့် တားမြစ်ဟန့်တားပိုင်ခွင့်မရှိကြောင်း ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြုလုပ်ခဲ့သည့် Lanting Forum တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အမေရိကန်အစိုးရအနေဖြင့် ထိုင်ဝမ်၏ ခွဲထွက်ရေး လုပ်ရပ်များအား ထောက်ခံနေခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဝမ်ယိက “တရုတ် ကွန်မြူနစ်ပါတီနဲ့ တရုတ်နိုင်ငံရေး စနစ်ကို ဖျက်ဆီးဖို့ ထိုင်ဝမ်လွပ်လပ်ရေးအတွက် ခွဲထွက်ရေး တပ်တွေရဲ့ မှားယွင်းတဲ့ စကားလုံးတွေ၊ လုပ်ဆောင်ချက်တွေကို အားပေးတာ၊ ထောက်ခံတာတွေ မလုပ်ဖို့ အမေရိကန်ကို တိုက်တွန်းပါတယ်” ဟု ပြောကြားခဲ့သည်။

ထိုင်ဝမ်နိုင်ငံက အခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးတွင် တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်းနှင့် ထိုင်ဝမ်တွင် ဒီမိုကရေစီနည်းလမ်းအရ တင်မြှောက်ထားသည့် အစိုးရကသာ နိုင်ငံတကာအရေးကိစ္စကို ပြည်သူများအတွက် ကိုယ်စားပြုနိုင်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရိုနေးအိုက မတ် ၂ ရက်က ပြုလုပ်ခဲ့သည့် ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ “တရုတ်ရဲ့ ဖိအားပေးမှုတွေဟာ ထိုင်ဝမ်က ကမ္ဘာနဲ့ ဆက်ဆံရေးကို ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး”

“ဒေသတွင်း ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာရေးနဲ့ တည်ငြိမ်ရေးအတွက်အတွက် အမေရိကန်အပြင် အခြား စိတ်သဘောထားတူတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ တရုတ်အစိုးရက ထိုင်ဝမ်ကို ဖိအားပေးဖို့ ကြိုးပမ်းမှုတွေဟာ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို တိုးတက်စေမှာ မဟုတ်ပါဘူး” ဟု သူမက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly