ဝီဂါမွတ်စလင်များအပေါ် ညှင်းပန်းနှိပ်စက်မှုများအတွက် တရုတ်နိုင်ငံအား အိုင်ယာလန် ဘာသာရေးခေါင်းဆောင် ၅၀ ကျော်က ပြစ်တင်ရှုံ့ချ

By Business World
25 February 2021
ဝီဂါမွတ်စလင်များအပေါ် ညှင်းပန်းနှိပ်စက်မှုများအတွက် တရုတ်နိုင်ငံအား အိုင်ယာလန် ဘာသာရေးခေါင်းဆောင် ၅၀ ကျော်က ပြစ်တင်ရှုံ့ချ

Business World ဒပ်ဗလင် [အိုင်ယာလန်] - Xinjiang ပြည်နယ်အတွင်းရှိ ဝီဂါမွတ်စလင်များအပေါ် တရုတ်အစိုးရ၏ ပြုမူဆက်ဆံမှုများအား အိုင်ယာလန် ဘာသာရေးခေါင်းဆောင် ၅၀ ကျော်က ထုတ်ပြန်ချက်တစ်စောင်တွင် လက်မှတ်ရေးထိုး ရှုံ့ချလိုက်သည်ဟု ဒေသတွင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အိုင်ယာလန် အမျိုးသားရုပ်သံနှင့် ရေဒီယိုအသံလွှင့်ဌာန RTE အဆိုအရ တရုတ်နိုင်ငံအတွင်းရှိ ဝီဂါနှင့် အခြား မွတ်စလင်ပေါင်း တစ်သန်းထက်မနည်းသည် အကျဉ်းစခန်းများအတွင်း ထိန်းသိမ်းခံထားရပြီး အစာရေစာ ငတ်မွတ်ခေါင်းပါးမှု၊ ညှင်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်ခံရမှု၊ လိင်အကြမ်းဖက်မှု၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခံရမှုနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ အတင်းအဓမ္မ ထုတ်ယူခံရမှုတို့ကို ရင်ဆိုင်နေရသည်ဟု အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

“တရားမျှတမှု ရရှိစေရေး၊ ယခုပြစ်မှုများအတွက် စုံစမ်းစစ်ဆေးရေး၊ တာဝန်ရှိသူများကို တာဝန်ခံစေရေးနှင့် လူ့ဂုဏ်သိက္ခာ ပြန်လည်ရရှိစေမည့် နည်းလမ်းတစ်ရပ် ထူထောင်ရေးတို့အား ကျွန်ုပ်တို့ တောင်းဆိုပါသည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကြုံတွေ့ရပြီးနောက် ‘လုံးဝထပ်မဖြစ်စေရန်ါ’ ဟု ကမ္ဘာ့အသိုင်းအဝိုင်းက ပြောကြားထားသည်” ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။

“ယနေ့အချိန်မှာ ‘ယခုလို အဖြစ်များ ထပ်မံဖြစ်ပေါ်ခြင်း လုံးဝ မရှိစေသင့်ဟု ကျွန်တော်တို့ ထပ်လောင်းပြောကြားလိုပါသည်။ ဝီဂါမွတ်စလင်များနှင့်အတူ ကျွန်တော်တို့ ရည်တည်ပါမည်။ ယဉ်ကျေးမှုတော်လှန်းရေး ပြုလုပ်သည့် အချိန်ကတည်းက အယူဝါဒ သို့မဟုတ် ယုံကြည်ကိုးကွယ်ရာ ဘာသာနှင့်ပတ်သက်သည့် လွတ်လပ်ခွင့်များအတွက် ဆိုးရွားစွာ ဖိနှိပ်ခံခဲ့ရသည့် တိဘက် ဗုဒ္ဓဘာသာသာ ဘုန်းတော်ကြီးများနှင့် တရုတ်နိုင်ငံအနှံ့မှ ခရစ်ယာန်ဘာသာဝင်များဖြင့်လည်း ကျွန်ုပ်တို့အတူ အတူတကွ 
ရပ်တည်ပါသည်” ဟု အဆိုပါ ထုတ်ပြန်ချက်ကို ကိုးကား၍ Irish Times သတင်းတွင် ဖော်ပြထားသည်။

ဝီဂါမွတ်စလင်များအား ထိန်းသိမ်းရေး စခန်းများအတွင်းသို့ အစုအလိုက်အပြုံလိုက် ပို့ဆောင်ခြင်း၊ ဘာသာရေး လှုပ်ရှားမှုများအား နှောင့်ယှက်ခြင်းနှင့် ဖိအားပေးခြင်း သို့မဟုတ် အယူဝါဒ သွတ်သွင်းခြင်းများ ပြုလုပ်ရန်အတွက် ဝီဂါမွတ်ဆလင် အသိုင်းအဝိုင်းများအတွင်းမှ လူများကို ပို့ဆောင်ခြင်းတို့အားဖြင့် ဖိနှိပ်နေခြင်းအတွက် တရုတ်နိုင်ငံအား ကမ္ဘာတစ်လွှားမှ ပြစ်တင်ဝေဖန်လျက်ရှိသည်။

စာနယ်ဇင်းများ၊ အန်(န်)ဂျီအိုများတို့ အပြင်၊ ဖမ်းဆီးထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်လာသူများ၏ ရေးသားဖော်ပြမှုများတွင် တရုတ်ကွန်မြူနစ်ပါတီက ရက်စက်စွာ ဖြိုခွင်းမှုများရှိနေသည်ဟု ဖော်ပြနေသော်လည်း Xinjiang ပြည်နယ်အတွင်းရှိ ဝီဂါမွတ်စလင်များအပေါ် လူအခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟူသော စွပ်စွဲချက်အား တရုတ်အာဏာပိုင်များက အပြင်းအထန် ငြင်းဆန်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly