အလှူရှင် နည်းပါးနေ၍ မိဘမဲ့မင်္ဂလာ ပရဟိတကျောင်း ကျွေးမွေးစရိတ်အခက်အခဲကြုံတွေ့

အလှူရှင် နည်းပါးနေ၍ မိဘမဲ့မင်္ဂလာ ပရဟိတကျောင်း ကျွေးမွေးစရိတ်အခက်အခဲကြုံတွေ့

ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံအဝှမ်းက ပညာမသင်ကြားနိုင်တဲ့ ကလေးငယ်များ၊ စွန့်ပစ်ကလေးငယ်များနှင့် မွေးကင်းစ ကလေးငယ်များကို ပညာတတ်မြောက်အောင်အထိ အခမဲ့ ကျွေးမွေးပြုစုစောင့်ရှောက်နေသည့် မိဘမဲ့ မင်္ဂလာ ပရဟိတဂေဟာတွင် ကိုဗစ်ကာလအတွင်း အလှူရှင်များ လာရောက်မှုနည်းပါးသဖြင့် ကျွေးမွေးစရိတ် အခက်အခဲဖြစ်နေသည်။

အဆိုပါ မိဘမဲ့ မင်္ဂလာပရဟိတကျောင်းသည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ဘုရားကြီး စံပြကျေးရွာတွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကလေးငယ် ၈၀၀ နှင့် ၁၀၀၀ ကြားကို အခမဲ့ ပညာသင်ကြား ကျွေးမွေးပြုစု စောင့်ရှောက်ပေးနေခြင်း ဖြစ်သည်။  

“အခုကိုဗစ် ၁၉ ဖြစ်နေတဲ့အခိုက်အတန့်မှာ အခက်အခဲမျိုးစုံ ကြုံတွေ့ရတာပေါ့။ ကြုံတွေ့ရပေမယ့် အဆင်ပြေချောမွေ့အောင်တော့ ဦးဇင်းရဲ့ သားသမီးတွေကို စောင့်ရှောက်နေရတာပေါ့။ လူဦးရေက ဒီမှာ ၈၀၀ ကျော် ရှိတာဆိုတော့။ အဲတော့ တစ်နေ့ကို ဆန် ၇ အိတ် ချက်ရတာပေါ့။ အလှူရှင်တွေနဲ့ ရပ်တည်ရတဲ့ကျောင်းဆိုတော့ ဦးဇင်းတို့လဲ အခုလို ဖြစ်ပေါ်နေတဲ့ အခိုက်အတန့်မှာ ဦးဇင်းတို့ အခက်အခဲပေါင်းစုံ ကြုံရတာပေါ့။ အကောင်းဆုံးဖြစ်အောင် ဘဝပေါင်းများစွာကို ကယ်တင်တဲ့ အလုပ်ကို ဒီနေ့အချိန်ထိ ဆက်လက်လုပ်နေတာပါ ” ဟု ကျောင်းထိုင်ဆရာတော် ဦးပညာနန္ဒက မိန့်သည်။

လတ်တလောတွင် ကိုဗစ်ကာလရှည်ကြာလာသည့်အတွက် ကျွေးမွေးစရိတ် အကျပ်အတည်းနှင့် အခြားသောအခက်အခဲ အမျိုးမျိုးကြောင့် မိဘရှိသည့် ကလေးငယ် တော်တော်များများကို နေရပ်ပြန်ပို့နေရကြောင်းလည်း ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

မိဘမဲ့ မင်္ဂလာ ပရဟိတဂေဟာကို ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၂၀ကျော် ရှိနေပြီဖြစ်သည်။ ထိုကျောင်းတွင် မွေးကင်းစ ကလေးငယ်များကနေ ဆယ်တန်းအောင်ပြီး ပညာတတ် ဘွဲ့ရသည်အထိ ဆရာတော်က အခမဲ့ ပညာသင်ကြား ကျွေးမွေးပြုစု စောင့်ရှောက်ပေးနေခြင်း ဖြစ်သည်။  

ကလေးငယ်များအား အစာအဟာရ ကျွေးမွေးစရိတ်အတွက် တစ်ရက်ကို ငွေကျပ် (၇) သိန်းခန့် ကုန်ကျကြောင်း သိရသည်။ လက်ရှိမှာ ဆရာတော်အနေဖြင့်လည်း အလှူရှင်များ လာရောက်မှု နည်းပါးသည့်အတွက် ဂေဟာရှေ့ဆက်လည်ပတ်နိုင်ရေး အခက်အခဲဖြင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။

လက်ရှိမင်္ဂလာ ပရဟိတဂေဟာတွင် မွေးကင်းစ ကလေးငယ် ၂၂ ဦးနှင့် ကျောင်းနေအရွယ်ကလေးငယ် ၂၀၀ ကျော်ရှိပြီး ထိုကလေးငယ်များမှာ ဆေးရုံ ဆေးခန်းများတွင် စွန့်ပစ်ခံရသော ကလေးငယ်များ၊ မိဘများကိုယ်တိုင် လာရောက်ပို့ဆောင်သည့် ကလေးငယ်များနှင့် လမ်းဘေးတွင် စွန့်ပစ်ခံခဲ့ရသည့် ကလေးငယ်များဖြစ်သည်။

လူ့အသက်တစ်ချောင်းကို ကယ်တင်လိုသည့် စိတ်တစ်ခုတည်းဖြင့် ကလေးငယ်များကို ယခုလို ခေါ်ယူစောင့် ရှောက်နေခြင်းဖြစ်ကြောင်းလည်း ဆရာတော်က မိန့်သည်။

“ဦးဇင်းလည်း အဖေ၊ အမေလည်း မရှိဘူး။ အဲဒီတော့ ဒီဘဝလေးတွေ အသက်တစ်ချောင်းကို ကယ်တင်ချင်တဲ့အနေနဲ့ ဒီကလေး ၂၂ ယောက်ကို ဦးဇင်းမွေးမြူခဲ့တာပါ။ သူတို့ရဲ့ နောင်ရေးအတွက်လည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ။ ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေပါတယ်။ ” ဟု ဆရာတော် ဦးပညာနန္ဒက မိန့်သည်။

ထိုကျောင်းနံရံများတွင် ယခင်ကျောင်းထိုင်ဆရာတော် လက်ထက်နှင့် ယခုကျောင်းထိုင်ဆရာတော် လက်ထက်အထိ ငယ်စဉ်ကတည်းက ပညာသင်ကြားပြီး ဘွဲ့ရသွားသည့် ကျောင်းသူ၊ ကျောင်းသူများ၏ ဘွဲ့ရဓာတ်ပုံအချို့ကိုလည်း ကပ်ထားသည်ကို တွေ့ရသည်။

ကျောင်းတွင် ပရဟိတ လုပ်ကိုင်နေသူ ဦးမြင့်ထွေးက “ဒီကျောင်းတိုက်မှာ ပညာတော်တဲ့လူတွေကို အခုကျောင်းထိုင် ဦးပညာကနေပြီးတော့ နိုင်ငံခြားကိုဆက်သွယ်ပြီးတော့ ပို့ပေးထားတာတွေ ရှိပါတယ်။ ဒီကလေးတွေလဲ ဟိုကနေပြီးတော့ ပိုက်ဆံတွေ ပြန်ပို့တာကို ဦးဇင်းကနေပြီးတော့ ကျောင်းတိုက်အတွက် မသုံးပါဘူး။ ကလေးတွေ ရှေ့ရေးအတွက်ကို သူတို့နာမည်လေးတွေနဲ့ ဘဏ်မှာ အပ်နှံပေးထားပါတယ် ” ဟု ပြောသည်။

တစ်နှစ်တာ ပညာသင်ချိန်ပြီးဆုံး၍ ကျောင်းပိတ်ရာသီရောက်လျှင် ကျောင်းသူ၊ ကျောင်းသားများအတွက် လက်မှုပညာအဖြစ် ကွန်ပျူတာသင်တန်းများ၊ အင်္ဂလိပ်စာ အခြေခံသင်တန်းများနှင့် စက်ချုပ်သင်တန်းများကို သင်ကြားပေးလေ့ ရှိသည်။

မပြည့်စုံတဲ့ ဘဝများနှင့် ခိုကိုးရာမဲ့နေသည့် ကလေးလူငယ်များကို ပညာတတ်ဘွဲ့ရသည်အထိ ကျွေးမွေးပြုစုစောင့်ရှောက်ပေးနေသည့် မိဘမဲ့မင်္ဂလာ ပရဟိတ ဂေဟာအနေဖြင့် ကိုဗစ်ကပ်ဘေးကြား ရုန်းကန်ရင်း ရှေ့ဆက်လည်ပတ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly