အိန္ဒိယမှာ ဆန္ဒပြလယ်သမားတွေနဲ့ ရဲတို့ ထိပ်တိုက်တွေ့

အိန္ဒိယမှာ ဆန္ဒပြလယ်သမားတွေနဲ့ ရဲတို့ ထိပ်တိုက်တွေ့
Photo - AFP

ဇန်နဝါရီ ၂၇

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားကြီး ကျင်းပနေတဲ့ အချိန်မှာပဲ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ပြီး လယ်သမားတွေက ဆန္ဒပြကြတာကြောင့် မြို့တော်အနှံ့မှာ ရဲနဲ့ ဆန္ဒပြ လယ်သမား ထောင်ပေါင်းများစွာကြား အင်္ဂါနေ့မှာ ထိပ်တိုက်တွေ့ကြပါတယ်။

ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီနဲ့ အခြား အစိုးရနဲ့ စစ်ဖက်ခေါင်းဆောင်တွေဆီ ဆန္ဒပြသူတွေ မရောက်နိုင်အောင် ရဲတပ်ဖွဲ့ဟာ နှစ်များစွာအတွင်းမှာ အင်အားအကြီးဆုံး လုံခြုံရေးဆောင်ရွက်မှုတစ်ရပ်အဖြစ် ရဲအင်အားများစွာ တပ်ဖြန့်ချထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြို့ဆီ အဝင်လမ်းမကြီးတွေက အတားအဆီးတွေကို ဖြတ်ကျော်နိုင်ခဲ့တဲ့ လယ်ထွန်စက်တွေနဲ့ ချီတက်လာတဲ့ လယ်သမားသပိတ်အင်အားဟာ နယူးဒေလီမြို့က အထင်ကရနေရာတွေကို သိမ်းပိုက်လိုက်ပါတယ်။ သပိတ်အင်အားကို ရဲက နှိမ်နင်းရာမှာ လမ်းတွေပေါ် မျက်ရည်ယိုဓာတ်ငွေ့တွေ ဖုံးလွှမ်းကုန်ပြီး အပျက်အစီးတွေလည်း ကျန်ရစ်ပါတယ်။

လယ်ထွန်စက် တိမ်းမှောက်တာကနေ လယ်သမားတစ်ဦး သေဆုံးတယ်လို့ ရဲက ပြောပါတယ်။ သေဆုံးထိခိုက်သူ တော်တော်များမယ်လို့ ရဲက ပြောပေမယ့် အတိအကျတော့ မပြောပါဘူး။

အမျိုးသားနေ့ အခါသမယဖြစ်တာကြောင့် သုံးရောင်ခြယ် နိုင်ငံတော်အလံတွေ လွှင့်ထူထားတဲ့ ကြားမှာပဲ လယ်သမားသပိတ်တပ်ဟာ နှစ်သက်တမ်း ၄၀၀ ရှိ ခံတပ်နီကို သိမ်းပိုက်လိုက်ပြီး ၎င်းတို့ရဲ့ ကိုယ်ပိုင်အလံကို လွှင့်ထူကြပါတယ်။ အဲဒီနေရာမှာ လုံခြုံရေးတပ်တွေနဲ့ လယ်သမားတွေ ထိပ်တိုက်ရန်ပွဲ ဖြစ်ပွားပေါ်ပေါက်ပါတယ်။

နယူးဒေလီရဲဌာနချုပ် အပြင်ဖက်မှာလည်း ရဲတွေကို ဆန္ဒပြသူ ရာပေါင်းများစွာက တိုက်ခိုက်ကြပါတယ်။

မြို့တော်အနှံ့အပြားမှာ လုံခြုံရေးတပ်တွေဟာ မျက်ရည်ယိုဓာတ်ငွေ့တွေ ပစ်လွှတ်နေရသလို နံပါတ်တုတ်တွေ သုံးပြီး သပိတ်ကို ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့ လယ်သမားတွေကလည်း သစ်သားချောင်း၊ သံတုတ်တွေနဲ့ ရဲတွေကို တုံ့ပြန်တိုက်ခိုက်သလို ၎င်းတို့ကို အတားအဆီးဖြစ် ချထားတဲ့ ဘတ်စ်ကားတွေကိုလည်း အပိုင်စီးလိုက်ကြပါတယ်။

ညရောက်တဲ့အခါမှာ အာဏာပိုင်တွေဟာ လယ်သမားတွေ သပိတ်စခန်းဖွင့်ထားတဲ့ မြို့တော်အစွန်က ဧရိယာတစ်ဝိုက်ကို အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ပစ်လိုက်ပါတယ်။

အမေရိကန်သံရုံးက သူ့ နိုင်ငံသားတွေကို ပြဿနာဖြစ်ပွားတဲ့ ဇုန်တွေကို ရှောင်ရှားမသွားလာဖို့ လုံခြုံရေးသတိပေးချက် ထုတ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly