ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု တားဆီးဖို့ လေ‌ကြောင်းပျံသန်းမှုတွေကို အစ္စရေး ပိတ်ပင်

ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု တားဆီးဖို့ လေ‌ကြောင်းပျံသန်းမှုတွေကို အစ္စရေး ပိတ်ပင်
Photo - AFP

ဇန်နဝါရီ ၂၆

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တွေ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်တားဆီးနိုင်ဖို့အတွက် ခရီးသည်တင် လေကြောင်းခရီးစဉ် အဝင်၊အထွက် ပြေးဆွဲပျံသန်းမှုတွေအပေါ် တစ်ပတ်ကြာ ပိတ်ပင်ချက် ထုတ်လိုက်ကြောင်း အစ္စရေးနိုင်ငံက ဇန်နဝါရီ ၂၄ ရက်မှာ ကြေညာထားခဲ့ပါတယ်။

ဒီ အစီအမံဟာ ဇန်နဝါရီ ၂၅ ရက် ည သန်းခေါင်ယံကနေ စတင်ပြီး လာမယ့် ဇန်နဝါရီ ၃၁ ရက်အထိ အသက်ဝင်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ခြွင်းချက်အနေနဲ့ကတော့ ကုန်တင်လေကြောင်းခရီးစဉ်တွေ၊ မီးသတ်လေယာဉ်ပျံသန်းမှုတွေ အပြင် ဆေးဝါးကုသမှု၊ နာရေးနဲ့ ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် ခရီးစဉ်ပျံသန်းမှုတွေကိုတော့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် “လူသားချင်းစာနာမှု ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးလိုအပ်ချက်တွေ” အရ ပန်ကြားချက်တွေရှိလာရင်တော့ ပိတ်ပင်ချက်အောက်ကနေ ကင်းလွတ်ခွင့်ကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တစ်ခုက ထုတ်ပေးနိုင်တယ်လို့လည်း ဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစ္စရေးနိုင်ငံဟာ တတိယအကြိမ်မြောက် ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်းအောက်မှာ ရှိနေချိန်မှာပဲ ခုလို လေကြောင်းပျံသန်းမှုတွေအပေါ် ပိတ်ပင်ဖို့ ဆုံးဖြတ်ချက် ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ တတိယမြောက် ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်းချမှတ်မှုကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းက စတင်ခဲ့ပြီး လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုတွေ မြင့်တက်နေတာကြောင့် အဆိုပါ လော့ခ်ဒေါင်းချမှတ်မှုကို လကုန်အထိ သက်တမ်းတိုးထားခဲ့ပြီး ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်တွေကို  ကူးစက်မှုဖြစ်စဉ် အများအပြားမှာ စစ်ဆေးတွေ့ရှိထားခဲ့တဲ့အတွက် ခုလိုမျိုး လေဆိပ် ပိတ်မယ့် အစိုးရရဲ့ လုပ်ဆောင်ချက်ကို ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တစ်ခု နိုင်ငံမှာ ကူးစက်တဲ့ ဖြစ်စဉ်တွေကို တွေ့ရှိခဲ့ကြောင်း ဇန်နဝါရီ ၂၄ ရက်မှာပဲ အစ္စရေးကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တောင်အာဖရိကနဲ့ ဗြိတိန်တို့က ဗိုင်းရပ်စ်မျိုးကွဲတွေကိုလည်း အစ္စရေးမှာ တွေ့ရှိထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုတွေ စတင်လုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါမှာ နိုင်ငံရဲ့လူဦးရေ ၉ သန်းအနက် ၂ ဒသမ ၅ သန်းကျော်အထိ ကာကွယ်ဆေးထိုးခဲ့ပြီး ဖြစ်တယ်လို့ အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly