မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ 

မက္ကဆီကိုသမ္မတ လိုပက်ဇ်အိုဘရာဒို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ 

ဇန်နဝါရီ ၂၅ 

မက္ကဆီကိုနိုင်ငံ၌ ကပ်ရောဂါကြောင့်သေဆုံးမှုအများဆုံးရက်သတ္တပတ်ကို ရင်ဆိုင်နေရကာ မြို့တော်၏ ကျန်းမာရေးစနစ်ကို အကန့်အသတ်ဖြစ်နေသည့်အချိန်၌ သမ္မတ အန်ဒရေးစ်မန်နျူရယ် လိုပက်ဇ်အိုဘရာဒိုက  ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း တနင်္ဂနွေနေ့က ပြောသည်။ 

၂၀၁၃ ခုနှစ်က နှလုံးရောဂါအကြီးအကျယ် မခံစားရခင်အချိန်ထိ ဆေးလိပ်အလွန်အကျွံသောက်ခဲ့သော အသက် ၆၇ နှစ်ရှိ သမ္မတ လိုပက်ဇ်အိုဘရာဒိုက ၎င်းအနေဖြင့် အပျော့စားရောဂါလက္ခဏာများသာခံစားနေရကြောင်းနှင့် ကုသမှုခံယူနေသည်ဟု တွစ်တာ၌ပြောသည်။

လွန်ခဲ့သော ၁၀ လက မက္ကဆီကိုနိုင်ငံ၌ ဗိုင်းရပ်စ်စတင်ဖြစ်ပွားချိန်မှစ၍ အများပြည်သူအကြား နှာခေါင်းစည်းတပ်ဆင်ရန် ငြင်းဆန်နေခဲ့သော သမ္မတက “ခါတိုင်းလိုပဲ ကျွန်တော်က အကောင်းမြင်သမားတစ်ယောက်ပါ” ဟု ဆိုသည်။

လိုပက်ဇ်အိုဘရာဒိုသည် မက္ကဆီကိုမြောက်ပိုင်းနှင့်အလယ်ပိုင်းသို့ သုံးရက်ကြာ အလည်အပတ်ခရီးသွားရောက်ပြီးနောက် လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းနှင့် တနင်္လာနေ့မနက်ပိုင်း၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းပြောဆိုရန် စီစဉ်ထားသည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာက နိုင်ငံ့တာဝန်ယူချိန်မှစ၍ တိုင်းပြည်၏နိုင်ငံရေးလှုပ်ရှားမှုကို လွှမ်းမိုးထားနိုင်ခဲ့သော စစ်ပြန်ဟောင်း လက်ဝဲယိမ်းဖြစ်သူ လိုပက်ဇ်အိုဘရာဒိုသည် ရောဂါကူးစက်ခံထားရသဖြင့် အများနှင့်ထိတွေ့ဆက်ဆံရသော ပုံမှန်လုပ်ငန်းစဉ်များတွင် တွေ့မြင်ရဦးမည်မဟုတ်ပေ။

ပြီးခဲ့သည့် ရက်အနည်းငယ်တွင်း သမ္မတနှင့်ထိတွေ့ခဲ့သူများကို စစ်ဆေးလျက်ရှိပြီး အများစုကို သီးခြားကန့်သတ်နေခိုင်းထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာနပြောသည်။ 

ကျန်းမာရေးအကျပ်အတည်းနှင့်ပတ်သက်ပြီး ၎င်း၏ စီမံခန့်ခွဲမှုမှာ အမြဲဝေဖန်ခံခဲ့ရပြီး နိုင်ငံ၌ သေဆုံးသူ ၁၅၀ ၀၀၀ ကျော်သည့်တိုင် ကပ်ရောဂါအတွင်း လိုပက်ဇ်အိုဘရာဒိုကို ထောက်ခံမှုမှာ မြင့်တက်ခဲ့သည်ဟု Consulta Mitofsky စစ်တမ်းကုမ္ပဏီ၏ နေ့စဉ်စောင့်ကြည့်လေ့လာမှုအရ သိရသည်။ 

လိုပက်ဇ်အိုဘရာဒိုသည် ကပ်ရောဂါအစ၌ သံသယဖြစ်ကာ အသေအချာမကိုင်တွယ်ခဲ့သည့်အတွက် မက္ကဆီကိုနိုင်ငံအား ကိုဗစ်ကြောင့် စတုတ္ထမြောက်သေဆုံးမှုအများဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိစေခဲ့သည်။ အစောပိုင်း၌ သမ္မတက ပြည်သူများအား အချင်းချင်း ပွေ့ဖက်အားပေးရန်နှင့် ပုံမှန်အတိုင်း ဆက်လက်အပြင်ထွက်ကြရန် တိုက်တွန်းခဲ့သည်။ နောက်ပိုင်းမှသာ အိမ်မှာနေကြရန် ညွှန်ကြားခဲ့သည်။ 

လိုပက်ဇ်အိုဘရာဒို၏နည်းဗျူဟာသည် ဆေးရုံစွမ်းရည်မြှင့်တင်ရန်နှင့် ပိုးတွေ့လူနာနှင့်ထိတွေ့သူများအား ခြေရာခံခြင်းများကို တိုးမြှင့်လုပ်ဆောင်ရန်ဖြစ်သည်။ လော့ဒေါင်းချမှတ်မည့်အစား မက္ကဆီကိုသည် စီးပွားရေးအပေါ်သက်ရောက်မှုကို ကန့်သတ်ရန် ပြည်နယ်တစ်ခုပြီးမှတစ်ခု တားမြစ်ချက်များ အဆင့်လိုက် ချမှတ်သည့်စနစ်ကို ကျင့်သုံးခဲ့သည်။ 

သို့သော် ရောဂါကူးစက်မှုများ များပြားလာသောကြောင့် မက္ကဆီကိုစီးတီးရှိဆေးရုံများသည် စွမ်းဆောင်နိုင်စွမ်း အကန့်အသတ်ဖြစ်လုနီးပါးအခြေအနေရှိနေပြီး လွန်ခဲ့သောသီတင်းပတ်ကလည်း သေဆုံးသူ ၉ ၀၀၀ နီးပါးရှိခဲ့ကာ သေဆုံးမှုအများဆုံး ရက်သတ္တပတ်ဖြစ်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly