ကိုလ်ချီဆင်းဆေးက ကိုဗစ်-၁၉ တိုက်ဖျက်နိုင်တဲ့အလားအလာရှိတယ်လို့ ကနေဒါလေ့လာမှုက ဆို

ကိုလ်ချီဆင်းဆေးက ကိုဗစ်-၁၉ တိုက်ဖျက်နိုင်တဲ့အလားအလာရှိတယ်လို့ ကနေဒါလေ့လာမှုက ဆို
Photo - AFP

ဇန်နဝါရီ ၂၅

ရောင်ရမ်းနာကျင်မှုတွေ သက်သာပျောက်ကင်းအောင် သောက်သုံးကြတဲ့ ကိုလ်ချီဆင်း (Colchicine) လို့ခေါ်တဲ့ဆေးဟာ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပွားတဲ့ ထပ်တိုးရောဂါနဲ့ သေဆုံးမှုတွေကို သိသိသာသာလျှော့ချနိုင်တယ်လို့ ကနေဒါသုတေသနတစ်ခုအရသိရပြီး ရောဂါခံစားနေရတဲ့ ဝေဒနာရှင်တွေအတွက် အရေးပါတဲ့မျှော်လင့်ချက်ကို ယူဆောင်လာတယ်လို့ ဦးဆောင်သုတေသီတစ်ဦးဖြစ်တဲ့  ဂျင်ကလော့ဒ်တာဒစ်ဖ်က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။ 

Montreal Heart Institute (ICM) ရဲ့ အကြီးအကဲ ဂျင်ကလော့ဒ်တာဒစ်ဖ်ဟာ အဆိုပါလေ့လာမှုကို ကိုလ်ကိုရိုနာ (Colcorona) လို့ အမည်ပေးထားပြီး သုတေသနရဲ့ ကနဦးရလဒ်တွေကို သောကြာညနေပိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကိုလ်ကိုရိုနာလေ့လာမှုကို ၂၀၂၀ ခုနှစ် မတ်လက စတင်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်လွှားက လူနာပေါင်း ၄ ၄၈၈ ဦးနဲ့ လက်တွေ့စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်ခံထားရသူလူနာတွေနဲ့ သုတေသနပြုစမ်းသပ်ခဲ့တာဖြစ်ပြီး အာနိသင်မဲ့ဆေးနဲ့ နှိုင်းယှဉ်လေ့လာကြည့်ရာမှာ ကိုလ်ချီဆင်းဆေးရဲ့ရလဒ်တွေက ပိုမိုကောင်းမွန်ခဲ့တာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ 

လေ့လာမှုပြုပြီးသမျှ ကောက်ချက်ချကြည့်ရာမှာ ကိုလ်ချီဆင်းသောက်သုံးသူတွေဟာ ဆေးရုံတင်ကုသရမှု ၂၅ %၊ အသက်ရှူစက်တပ်ရန်လိုအပ်မှု ၅၀ % နဲ့ သေဆုံးမှု ၄၄ % လျော့နည်းသက်သာခဲ့တယ်လို့ ဆိုပါတယ်။ 

ကိုလ်ချီဆင်းဟာ ရောင်ရမ်းမှုသက်သာစေတဲ့ အစွမ်းထက်ဆေးတစ်မျိုးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်ကတည်းက သုံးစွဲလာခဲ့ကြတာ ဖြစ်ပါတယ်။ ကုံကုမံအပင်က ထုတ်လုပ်ထားတာဖြစ်ပြီး ဂေါက်ရောဂါ၊ အဆစ်ရောင်ရမ်းနာနဲ့ နှလုံးဖုံးမြှေး ရောင်ခြင်း စတဲ့ ရောဂါတွေကို ကုသရာမှာ အသုံးပြုကြပါတယ်။ 

အခုလို ရှာဖွေတွေ့ရှိမှုဟာ ပြင်သစ်၊ ကနေဒါ၊ အမေရိကန်နဲ့ G8 စက်မှုထိပ်သီးနိုင်ငံတွေမှာ အသုံးမဝင်နိုင်ပေမယ့် အာဖရိကနဲ့ အာရှတို့လို ဖွံ့ဖြိုးဆဲနဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ ဒီလိုမျိုး ဈေးမကြီးတဲ့ ကိုလ်ချီဆင်းဆေးပြားက အလျင်အမြန်ပဲ အကျိုးရှိစေမှာဖြစ်တယ်လို့ ဂျင်ကလော့ဒ်တာဒစ်ဖ် က ပြောပါတယ်။

ဒီလေ့လာမှုရလဒ်တွေကြောင့် ကိုဗစ်လူနာတွေ၊ ကျန်းမာရေးစနစ်တွေနဲ့ အစိုးရတွေအတွက် အရေးပါတဲ့မျှော်လင့်ချက် ယူဆောင်လာနိုင်ခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ ဆေးရုံတင်ကုသရမှုလျှော့ချဖို့ သိသာထင်ရှားတဲ့ဖြေရှင်းချက်ကို ပေးစွမ်းနိုင်မှာဖြစ်ပြီး ဆေးရုံတွေ ဝန်ပိနေတာကိုလည်း သက်သာစေမှာဖြစ်တယ်လို့ ဂျင်ကလော့ဒ်တာဒစ်ဖ် ကပြောပါတယ်။ 

လေ့လာမှုရဲ့ ပြီးပြည့်စုံတဲ့ရလဒ်တွေကိုတွေကို ဆေးသိပ္ပံဂျာနယ်ဆီ တနင်္ဂနွေနေ့က တင်ပြခဲ့ပြီး ထုတ်ပြန်မယ့်ရက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

အဆိုပါလေ့လာမှုရလဒ်တွေကို ဥရောပဆေးဝါးအေဂျင်စီ ၊ ကနေဒါကျန်းမာရေးဌာန၊ အမေရိကန် FDA တို့က အလျင်အမြန် သုံးသပ်သွားဖွယ်ရှိပါတယ်။ 

ဒါပေမယ့် ကိုလ်ချီဆင်းဆေးက ဆေးဆိုင်တွေမှာ အလွယ်တကူရနိုင်တာကြောင့် ဆရာဝန်တွေနဲ့ သမားတော်တွေအနေနဲ့ စည်းမျဉ်းဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သုံးသပ်ချက်ကို စောင့်နေစရာမလိုဘဲ ကိုဗစ်လူနာတွေအတွက် ဆေးညွှန်းပေးနိုင်မှာဖြစ်တယ်လို့ ဦးဆောင်သုတေသူ ဂျင်ကလော့ဒ်တာဒစ်ဖ် က ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly