NLD ပါတီ အစိုးရသစ်ကို ထောက်ခံကြိုဆိုပွဲ ရန်ကုန်တွင် ပြုလုပ်  

NLD ပါတီ အစိုးရသစ်ကို ထောက်ခံကြိုဆိုပွဲ ရန်ကုန်တွင် ပြုလုပ်  
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဇန်နဝါရီ ၂၅၊ ၂၀၂၁ 

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရဖွဲ့စည်းတော့မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရသစ်ကို ကြိုဆိုကြောင်း ထောက်ခံပွဲကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဦးဆောင်ပြီး ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၂၄ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ခံပွဲကို ကျောက်တံတား မြို့မရဲစခန်းတွင် တရားဝင် ခွင့်ပြုချက်ရယူကာ ပန်းဆိုးတန်း ဂုံးကျော်တံတားအောက် မှစတင်ပြီး မဟာဗန္ဓုလပန်းခြံရှေ့အထိ လမ်းလျှောက် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။  

ထောက်ခံပွဲကို ဦးဆောင်ပြုလုပ်သူ ဒေါ်စန်းစန်းဝင်းက “နိုင်ငံတော် သမ္မတကြီးနဲ့ UEC ကို ထောက်ခံကြောင်းရယ်၊ မဲတွေကလည်း ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက်တို့၊ ပြည်သူတင်မြှောက်တဲ့ အစိုးရကို လှိုက်လှဲစွာ ကြိုဆိုထောက်ခံကြောင်း၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီရှင်သန်ကြောင်းကို ထောက်ခံကြောင်းပါ” ဟု ပြောသည်။  

ထောက်ခံပွဲတွင် အဓိက ကြိုဆိုထောက်ခံသူ လူဦးရေ ၃၀ ခန့်နှင့် ဝန်းရံသူ ၃၀ ခန့်၊ စုစုပေါင်း ၆၀ ခန့်ရှိကြောင်း သိရသည်။ 

ရွေးကောက်ပွဲ မဲရလဒ်နှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဖျက်သိမ်းရေးနှင့် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်နေစဉ် နိုင်ငံတော်သမ္မတ၊ UEC နှင့် အသစ်တက်လာမည့် အစိုးရကို ကြိုဆိုကြောင်း ထောက်ခံပွဲပြုလုပ်ခဲ့ကြခြင်းလည်း ဖြစ်သည်။  

ဓာတ်ပုံ - သူရ / မဇ္ဈိမ

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွင်း NLD ပါတီ ရရှိခဲ့သည့် ဆန္ဒမဲရလဒ်များမှာ ဖိအားပေးမှု၊ အကြပ်ကိုင်မှုနှင့် ခြိမ်းခြောက်မှုတို့ မပါဘဲ ပြည်သူများက လိုလိုလားလားဖြင့် ပေးအပ်ခဲ့သော ဆန္ဒမဲ ရလဒ်များသာဖြစ်ကြောင်း ထောက်ခံပွဲ ဦးဆောင်သူ ဦးအောင်ကျော်က ပြောသည်။  

“မဲပေးတဲ့နေ့မှာ ပါတီစုံ ကိုယ်စားလှယ်တွေနဲ့ တရားဝင်ခန့်အပ်ထားတဲ့ အစောင့်တွေရှေ့မှာ လက်သန်းကို ဖျက်လို့မရတဲ့ မင်တို့ပြီး မှန်ကန်စွာ မဲပေးစေခဲ့တယ်။ မဲစာရင်းမှာ ဘယ်နှစ်ခါပါပါ တစ်နေရာမှာပဲ မဲပေးလို့ ရပါတယ်။ ဥပမာ လက်သန်းဖျက်ပြီး မဲလိုက်ပေးရင်တော့ မပြောတတ်ဘူးပေါ့ ” ဟု ထောက်ခံပွဲ ဦးဆောင်သူ ဦးအောင်ကျော်က ပြောသည်။  

ယနေ့ပြုလုပ်သော NLD ပါတီ ထောက်ခံပွဲတွင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ရှင်သန်ရေး၊ တိုင်းပြည်ကောင်းကျိုးပေါ်ပေါက်ရေးနှင့် အသစ်တက်လာမည့် NLD အစိုးရသစ်အပေါ် ပြည်သူများက ထောက်ခံကြိုဆိုကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်ချီတက်ခဲ့ကြခြင်း ဖြစ်သည်။  

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့် လူတစ်ဦးက နှစ်ကြိမ်တိုင် မဲပေးမှုများ ရှိခဲ့သည့်အတွက် ပြည်လည် စိစစ်ပေးရန် တပ်မတော်က ကြေညာချက်များ ထုတ်ပြန်နေသကဲ့သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို စိစစ်အရေးယူပေးရန် တောင်းဆိုသည့် ဆန္ဒပြမှုများလည်း မကြာခဏ ပေါ်ပေါက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly