ဟောင်ကောင်အရေးမှာ အီးယူအမတ်တွေက ‘ကမ်းကုန်အောင် စွက်ဖက်နှောင့်ယှက်'‌နေတယ်လို့ တရုတ် ပြစ်တင်

ဟောင်ကောင်အရေးမှာ အီးယူအမတ်တွေက ‘ကမ်းကုန်အောင် စွက်ဖက်နှောင့်ယှက်'‌နေတယ်လို့ တရုတ် ပြစ်တင်
Photo - AFP

ဇန်နဝါရီလ ၂၃ ၊ ၂၀၂၁

ဟောင်ကောင်က ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို  ဖြိုခွင်းတာနဲ့ပတ်သက်ပြီး တရုတ်အပေါ် ရှုတ်ချတဲ့ အီးယူရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက သောကြာနေ့မှာ ပြန်လည်တုံ့ပြန်ပြီး ဥရောပက လွှတ်တော်အမတ်တွေဟာ တရုတ်ရဲ့ ဟောင်ကောင်အပေါ် အုပ်ချုပ်ရေးမှာ ‘ကမ်းကုန်အောင် ဝင်ရောက်စွက်ဖက်နှောင့်ယှက်’နေကြတယ်လို့ ပြစ်တင်စွပ်စွဲလိုက်ပါတယ်။ 

မကြာသေးခင်က တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးမှုမှာ တာဝန်ရှိတဲ့ တရုတ်နဲ့ ဟောင်ကောင်က တာဝန်ရှိပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆုံးဖြတ်ချက်တွေကို ဥရောပပါလီမန်က အဖွဲ့ဝင်တွေဟာ ကြာသပတေးနေ့မှာ အတည်ပြုဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

အထင်ကရ ရင်းနှီးမြုပ်နှံမှု သဘောတူညီချက်တစ်ရပ်ကို တရုတ်နဲ့ ချုပ်ဆိုဖို့ ဆောင်ရွက်နေဆဲဖြစ်တာအတွက် စိတ်မကောင်းဖြစ်ရကြောင်း အီးယူအမတ်တွေက ပြောကြပြီး ဟောင်ကောင်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်စီရင်ပိုင်ခွင့်အပြင် အခြေခံ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ထိန်းသိမ်းနိုင်ဖို့ လက်နက်တစ်ခုအနေနဲ့ အဲဒီ သဘောတူညီချက်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ဆိုင်းငံ့ထားရလိမ့်မှာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

ဒါပေမဲ့ သောကြာနေ့မှာ တရုတ်က ပြန်လည်တုံ့ပြန်ရာမှာတော့ အီးယူလွှတ်တော်အမတ်တွေအနေနဲ့ ဟောင်ကောင်ဟာ တရုတ်လက်ထဲ ပြန်ရောက်နေတဲ့ အရှိတရားကို ရင်ဆိုင်လက်ခံဖို့ တိုက်တွန်းပြီးလည်း ပြောဆိုခဲ့ပါတယ်။

အချို့သော အီးယူအမတ်တွေက တရုတ်နိုင်ငံပိုင် ဟောင်ကောင်ရဲ့ အရေးအရာမှာ ကမ်းကုန်အောင် စွက်ဖက်နှောင့်ယှက်နေပြီး အမှန်တရားကို လက်မခံဘဲ အမှားထဲ ရှေ့တိုးနေတာကို ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်က ဖော်ပြနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချွမ်ယင်းက ပြောပါတယ်။

ဘယ်လို ပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် စွက်ဖက်ခြယ်လှယ်နေတာတွေကို ဥရောပပါလီမန်အနေနဲ့ ရပ်တန်းက ရပ်သင့်ကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သူက ဆိုပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ဟောင်ကောင်မှာ ကြီးမားပြီး တစ်ခါတစ်ရံ အကြမ်းဖက်မှုအသွင် ဆောင်ခဲ့တဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသမှုတွေ ဖြစ်ပွားပြီးနောက်မှာ တရုတ်ဟာ အလွန်ပြင်းထန်တဲ့ အမျိုးသားလုံခြုံရေးဥပဒေသစ်ကို ဟောင်ကောင်အပေါ် ပြီးခဲ့တဲ့နှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေအရ လွတ်လပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိနေတဲ့ ဟောင်ကောင်က သဘောထားကွဲလွဲသူတွေကို ရာဇဝတ်မှုနဲ့ ထိထိရောက်ရောက် ကိုင်တွယ်အရေးယူနိုင်တာပဲ ဖြစ်ပါတယ်။

ဒီ ဥပဒေပြဋ္ဌာန်းပြီးချိန်က စလို့ လူ ၁၀၀ နီးပါးကို ဖမ်းဆီးထားပြီး အပြစ်ရှိကြောင်း စီရင်ခံရရင်တော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရနိုင်တဲ့ ဥပဒေတစ်ရပ်လည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly