အမေရိကန်ရဲ့ ၄၆ ဦး‌မြောက် သမ္မတ ဖြစ်လာတဲ့ ဂျိုးဘိုင်ဒင်

အမေရိကန်ရဲ့ ၄၆ ဦး‌မြောက် သမ္မတ ဖြစ်လာတဲ့ ဂျိုးဘိုင်ဒင်
Photo - AFP

ဇန်နဝါရီ ၂၁

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ဟာ အမေရိကန်နိုင်ငံရဲ့ ၄၆ ဦးမြောက် သမ္မတအဖြစ် ဇန်နဝါရီ ၂၀ ရက်က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီဖြစ်ပါတယ်။ ခုလိုမျိုး အမေရိကန်သမ္မတအဖြစ် ကျမ်းကျိန်ခဲ့ပြီးနောက် ဘိုင်ဒင်က ပြည်သူတွေ စည်းလုံးညီညွတ်ကြရေးအတွက် အဓိကတိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်အကြာတုန်းက လူအုပ်စုတစ်ခုက ကွန်ဂရက်အဆောက်အအုံကို ဝင်စီးပြီး ၎င်းရဲ့ ရွေးကောက်ပွဲ အနိုင်ရမှုကို ပျက်ပြယ်စေဖို့ ကြိုးပမ်းခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ယခုအခါ သမ္မတအဖြစ် ကျမ်းကျိန်ခဲ့တဲ့ ဘိုင်ဒင်က နိုင်ငံမှာ ကြီးမားတဲ့ စိတ်ဝမ်းကွဲမှုတွေကို ပြေပျောက်စေဖို့ ပေါင်းကူးလုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်တွင်း အစွန်းရောက်ဝါဒအပေါ် အနိုင်ယူသွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

အလွန်အေးမြပေမယ့် နေသာတဲ့ နေ့မှာ ကက်ပီတယ်လွှတ်တော် အဆောက်အအုံမှာ ဘိုင်ဒင်က အမေရိကန်ရဲ့ ၄၆ ဦး‌မြောက်သမ္မတ အဖြစ် ကျမ်းကျိန်ခဲ့ပါတယ်။ အဆိုပါ ကက်ပီတယ် အဆောက်အအုံကတော့လွန်ခဲ့တဲ့ ဇန်နဝါရီ ၆ ရက်က လူအုပ်စုတစ်စုရဲ့ စီးနင်းမှုနဲ့ ကြုံတွေ့ထားခဲ့တာ ဖြစ်ပါတယ်။

“ဒီမိုကရေစီက တန်ဖိုးကြီးပါတယ်၊ ဒီမိုကရေစီက ကျိုးပျက်လွယ်ပါတယ်၊ ပြီးတော့ ခုချိန်မှာတော့ ကျွန်တော့်ရဲ့ မိတ်ဆွေများကို ပြောချင်တာက ဒီမိုကရေစီက လွှမ်းမိုးနိုင်ခဲ့ပြီ ဆိုတာပါ” လို့ ဘိုင်ဒင်က နေရှင်နယ် မောလ်ရှေ့မှာ ‌ပြောသွားခဲ့ပါတယ်။ နေရှင်နယ် မောလ်ကတော့ လက်ရှိအချိန် လုံခြုံရေးအထူးတင်းကျပ်ထားတာကြောင့်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူသူမရှိသလောက် ဖြစ်နေခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကိုတော့ ၎င်းအနေနဲ့ မဆိုင်းမတွ ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ဘိုင်ဒင်က ကြုံးဝါးထားခဲ့ပါတယ်။

“အနီ နဲ့ အပြာ ၊ ကျေးလက် နဲ့ မြို့ပြ ၊ ကွန်ဆာတေးဗစ်နဲ့ လစ်ဘရယ် တို့ အကြား ဖက်ပြိုင်အံတုမှုကို ဖြစ်စေတဲ့ အရိုင်းဆန် တိုက်ပွဲတစ်ခုကို ကျွန်တော်တို့ အဆုံးသတ်ကြရပါမယ်၊ ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို ခက်ထန်မာကြောစေမယ့်အစား ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ဖွင့်ချမယ်ဆိုရင်၊ အနည်းငယ်သော သည်းခံမှုနဲ့ နှိမ့်ချမှုကို ကျွန်တော်တို့ပြသမယ်ဆိုရင် ဒါကို ကျွန်တော်တို့ လုပ်နိုင်ပါတယ်၊ ကျွန်တော်တို့ဟာ တစ်ခြားသူတွေရဲ့ နေရာမှာ ကိုယ်တိုင်ဝင်ခံစားပြီး နားလည်စာနာပေးလိုစိတ် ရှိပါတယ်” လို့ ဘိုင်ဒင်က ၎င်းရဲ့ မိန့်ခွန်းထဲမှာ ပြောသွားခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ အကြောက်တရား မရှိဘဲ မျှော်လင့်ချက် ရှိတဲ့၊ စိတ်ဝမ်းကွဲမှုမရှိဘဲ စည်းလုံးညီညွတ်မှု ရှိတဲ့၊ အမှောင်ထု မရှိဘဲ အလင်းရောင် ရှိတဲ့ အမေရိကန် ဇာတ်ကြောင်းတစ်ခုကို အတူတကွ ရေးသွားကြပါမယ်၊ ယဉ်ကျေးမှု ၊ ဂုဏ်သိက္ခာရှိမှု ၊ မေတ္တာထားမှု ၊  ကုစားမှု နဲ့ ကြင်နာမှုတို့ ရှိတဲ့ ဇာတ်ကြောင်းတစ်ခုပေါ့” လို့ ဘိုင်ဒင်က ‌ပြောသွားခဲ့ပါတယ်။

ဒါပေမယ့် ထရမ့်ကတော့ ၎င်းဟာ ရွေးကောက်ပွဲမှာ မတရားသဖြင့် အရေးနိမ့်ခဲ့ရတယ်လို့ မှားယွင်းစွာ ပြောခဲ့ပြီး ကက်ပီတယ် အဆောက်အအုံကိုလူအုပ်စု ဝင်စီးမှုမတိုင်ခင်က ၎င်းရဲ့ ထောက်ခံအားပေးသူတွေကို အားပေးအားမြှောက်လုပ်ခဲ့ပါတယ်။ ဒ့ါအပြင် ၎င်းဟာ ၎င်းနေရာ ဆက်ခံသူရဲ့ ကျမ်းကျိန်ပွဲကို တက်ရောက်ဖို့ ငြင်းဆန်ရင်း ၁၅၂ နှစ်သက်တမ်းရှိ အစဉ်အလာကို ချိုးဖျက်သွားခဲ့ပါတယ်။

ဘိုင်ဒင်ကတော့ ထရမ့် ထောက်ခံသူတွေကိုပါ မေတ္တာရပ်ခံ ဖျောင်းဖျသွားခဲ့ပြီး ပြီးခဲ့တဲ့ လေးနှစ်အတွင်း လူစု၊ အယူဝါဒ နှစ်ခြမ်းကွဲမှုတွေ ကြီးကြီးမားမား ဖြစ်ခဲ့ပြီးနောက်ပိုင်း ယခု ၎င်းလက်ထက်မှာတော့ ဘက်ပေါင်းစုံကို နားထောင်ပေးသွားမယ်လို့ ဘိုင်ဒင်က ကတိပြုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly