အိန္ဒိယမှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံခံကြဖို့ စည်းရုံးနေရ 

အိန္ဒိယမှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံခံကြဖို့ စည်းရုံးနေရ 
Photo - AFP

ဇန်နဝါရီ ၂၀

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံခံဖို့ စာရင်းသွင်း ခေါ်ယူထားသူ သုံးပုံတစ်ပုံလောက် လာရောက်ထိုးနှံခံတာ မရှိတဲ့နောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအပေါ် ယုံကြည်မှု ရှိလာအောင် အာဏာပိုင်တွေဟာ တနင်္လာနေ့မှာ စတင်ကြိုးပမ်းလာရပါတယ်။ 

အစိုးရဟာ ကမ္ဘာမှာ အကြီးမားဆုံးတွေ အပါအဝင် ဖြစ်တဲ့ ကာကွယ်ဆေးထိုးနှံပေးရေး စီမံကိန်းတွေကို စတင်လုပ်ဆောင်နေတာ ဖြစ်ပြီး လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိတဲ့ နိုင်ငံမှာ ဇူလိုင်လမကုန်ခင် လူပေါင်း သန်း ၃၀၀ ထက်မနည်း ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ရေးအတွက် ရည်မှန်းချက်ချထားတာလည်း ဖြစ်ပါတယ်။ 

စနေနေ့က စတင်တဲ့ ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းစဉ် သုံးရက်အတွင်းမှာ မြို့တော်နယူးဒေလီမှာ လာရောက်ကာကွယ်ဆေး ထိုးနှံသူ ၃၈၁၃၀၅ ဦး ရှိတာကြောင့် ထိုးနှံခံရမယ့် ဦးရေရဲ့ ၅၃ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

“ဒါက အစပိုင်း ရက်တွေမို့ပါ။ လူတွေအနေနဲ့ အခု ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစဉ်ကနေ ဘာတွေ ဖြစ်လာမလဲနဲ့ ကာကွယ်ဆေး ထိုးပြီး ဘာတွေ ဖြစ်မလဲဆိုတာ စောင့်ကြည့်နေတာကို ကျွန်တော်တို့ နားလည်ပါတယ်။”လို့ မြို့တော် ကိုရိုနာဗိုင်းရပ်စ်လုပ်ငန်းစဉ်အဖွဲ့ဝင် ဆူနီလာဂက်ခ်က ပြောပါတယ်။ 

“ပိုပြီးတော့ ယုံကြည်လာကြရင်တော့ လာရောက် ကာကွယ်ဆေး အထိုးနှံခံတဲ့သူ ဦးရေ တက်လာမှာပါ။ ဒီအတွက် သတင်းတုသတင်းမှားတွေကို ကျွန်တော်တို့ ဖြေရှင်းကိုင်တွယ်နေရပါတယ်။”ဆိုပြီး သူက ပြောပါတယ်။ 

တောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာဆိုရင် ကာကွယ်ဆေး လာပြီး အထိုးနှံခံသူပေါင်းဟာ ၁၆ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ The Hindu သတင်းစာက ဖော်ပြပါတယ်။ 

မြောက်ပိုင်း ဟာယာနာပြည်နယ် ရိုတက်ခရိုင်က ကျန်းမာရေးစင်တာဆီ လာရောက်သူနှုန်းဟာလည်း ၁၀၀ မှာ ၂၉ ဦးပဲ ရှိတယ်လို့ အဲဒီက ဆရာဝန်တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။ 

“လူတွေက အရမ်း ကြောက်နေတယ်။ ကျွန်တော်တို့အနေနဲ့ အတင်းအကျပ် ကာကွယ်ဆေး ထိုးနှံပေးလို့လည်း မရဘူးလေ။ ဒါက ကာယကံရှင်ကိုယ်တိုင် စိတ်ပါလက်ပါ လာရောက်အထိုးနှံခံမှပဲ ဖြစ်တာ။”လို့ အမည်မဖော်တဲ့ အဲဒီ ဆရာဝန်က ပြောပါတယ်။ 

ကာကွယ်ဆေးအပေါ် သံသယရှိရတဲ့အကြောင်းတွေ လူမှုမီဒီယာမှာ ပြန့်နှံ့နေတာကြောင့် ကျန်းမာရေးဝန်ကြီး ဟတ်ရှ်ဗာဒဟန်က သူရဲ့ တွစ်တာအကောင့်က ပုံကို “ကာကွယ်ဆေးက အလုပ်ဖြစ်တယ်”ဆိုတဲ့ စာတမ်းနဲ့ ပြောင်းလဲခဲ့ပါတယ်။ 

“ဒါက အစလေးမှာပဲ ရှိပါသေးတယ်။ ပြန့်နှံ့နေတဲ့ သတင်းမှားတွေကြောင့် ပြည်သူတွေ စိုးရိမ်မနေသင့်ဘူးလို့ ကျွန်တော်တို့ သတိပေးပါတယ်။”လို့ ဗာဒဟန်က ပြောခဲ့ပါတယ်။ 

အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ အမေရိကန်ပြီးရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး လူပေါင်း ၁၀ ဒသမ ၅ သန်း ကူးစက်ဖြစ်ပွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly