မိုးကုတ်က စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို TNLA ပြန်လွှတ်ပေး

မိုးကုတ်က စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို TNLA ပြန်လွှတ်ပေး

ဇန်နဝါရီလ ၁၆ ၊ ၂၀၂၁

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိ စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို TNLA တပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း UWSA “ဝ” ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ လားရှိုးမြို့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ဇန်နဝါရီလ ၁၅ ရက်နေ့ ညပိုင်းတွင် မဇ္ဈိမသို့ အတည်ပြုပြောသည်။

ဦးညီရမ်းက “မှန်ပါတယ်။ အသေးစိတ်ကတော့ သူတို့ မိသားစုကို မေးလိုက်ပါ။ လွတ်လာတယ်ဆိုတာ သူတို့ မိသားစုက ပြောလာလို့နော်။ ” ဟု ပြောသည်။

မိုးကုတ်မြို့က နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးကျော်ဝင်းကို TNLA တပ်ဖွဲ့က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဦးကျော်ဝင်းကို အခွန်ငွေကိစ္စ ညှိုနှိုင်းရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး အသက်အန္တရာယ်အတွက် စိုးရိမ်စရာမလိုကြောင်း TNLA တပ်ဖွဲ့က ပြောကြားခဲ့သည်။

ဦးကျော်ဝင်းအား အသက်အန္တရာယ် ကင်းစွာဖြင့်ပြန်လည်လွှတ်​ပေးရန် TNLA တပ်ဖွဲ့ကို မိသားစုဝင်များက ​ ဇန်နဝါရီလ ၉ ရက်​နေ့ ရန်ကုန်မြို့ Rose Garden Hotel တွင် သတင်းစာရှင်းပွဲ ပြုလုပ်ကာ ​တောင်းဆိုခဲ့သည်။

ယင်းအပြင် ဦးကျော်ဝင်း ပြန်လည်လွတ်​မြောက်​ရန် အကူအညီ​ပေး​ရေးအတွက် လက်နက်ကိုင် ခုနှစ်ဖွဲ့ပါသည့် ပြည်​ထောင်စုနိုင်ငံ​ရေး ​ဆွေး​နွေး ညှိနှိုင်း​ရေး ​ကော်မတီ (FPNCC) ဥက္ကဋ္ဌ UWSA “ဝ” ပြည်နယ် သွေးစည်းညီညွတ်ရေး ခေါင်းဆောင်ထံ မေတ္တာရပ်ခံစာ ပေးပို့ထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဦးကျော်ဝင်း‌ ပြန်လည်လွတ်မြောက်လာမှုနှင့် ပတ်သက်၍ ထပ်မံအတည်ပြုရန် TNLA တပ်ဖွဲ့၏ ဗိုလ်မှူးမိုင်းအိုက်ကျော်နှင့် မိသားစုဝင်များထံ မဇ္ဈိမက ဆက်သွယ်နေဆဲဖြစ်ပြီး အသေးစိတ်ကို ဆက်လက်တင်ပြသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required