ရှင်ကျန်းရှိ မွတ်ဆလင်များအပေါ် တရုတ်တို့ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့နိုင်ခြေရှိဟု အမေရိကန်ကော်မရှင် ပြော

ရှင်ကျန်းရှိ မွတ်ဆလင်များအပေါ် တရုတ်တို့ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့နိုင်ခြေရှိဟု အမေရိကန်ကော်မရှင် ပြော

ဇန်နဝါရီ ၁၅

တရုတ်အာဏာပိုင်များသည် နိုင်ငံအနောက်ပိုင်း ရှင်ကျန်း‌‌ဒေသရှိ ဝီဂါများနှင့် အခြားလူနည်းစု မွတ်ဆလင်များအပေါ် ပြုမူဆက်ဆံရာတွင် “လူမျိုးတုံးသတ်ဖြတ်မှု” ကို ကျူးလွန်ထားနိုင်ခြေရှိဟု အမေရိကန်ကွန်ဂရက်၏ ပါတီနှစ်ရပ်ပါသော ကော်မရှင်တစ်ခုက ဇန်နဝါရီ ၁၄ ရက် အစီရင်ခံစာတစ်ရပ်ထဲတွင် ပြောခဲ့သည်။

ရှင်ကျန်း‌‌‌ဒေသတွင် လူသားတို့အပေါ် ကျူးလွန်သော ပြစ်မှုများနှင့် ဖြစ်နိုင်ခြေအလားအလာရှိ လူမျိုးတုံးသတ်ဖြတ်မှု တို့ ဖြစ်ပွားနေသည် ဆိုသည်နှင့်ပတ်သက်ပြီး အထောက်အထားသစ်များ ယမန်နှစ်က ပေါ်ထွက်ထားခဲ့ကြောင်း ကွန်ဂရက်လွှတ်တော်၏ တရုတ်ဆိုင်ရာ အမှုဆောင်ကော်မရှင် (CECC) က ပြောသည်။ ထို့ပြင် အမေရိကန်ရှိ ဝီဂါများကိုလည်း တရုတ်တို့ ဒုက္ခပေးနှောင့်ယှက်နေသည်ဟုလည်း ယင်းက စွပ်စွဲခဲ့သည်။

တရုတ်သည် ရှင်ကျန်း‌ဒေသတွင် အဆောက်အအုံနေရာများ ထူထောင်ထားရှိမှုအတွက် ကျယ်ကျယ်ပြန့်ပြန့် ‌‌‌‌‌‌ပြစ်တင်‌ဝေဖန်ခံထားရသည်။ ယင်းတို့သည် အစွန်းရောက်ဝါဒ ချေမှုန်းသုတ်သင်ရန်နှင့် ပြည်သူများကို ကျွမ်းကျင်မှုအရည်အချင်းအသစ်များ သင်ကြားပေးမည့် “သက်မွေးမှု လေ့ကျင့်သင်ကြားရေး စင်တာများ” ဖြစ်ကြောင်း တရုတ်က ပြောကြားသော်လည်း အခြားနိုင်ငံများကမူ ယင်းတို့ကို အကျဉ်းစခန်းများအဖြစ် ညွှန်းဆိုထားကြသည်။

ဝီဂါဦးရေ အနည်းဆုံး တစ်သန်းခန့်နှင့် အခြားသော မွတ်ဆလင်များ ရှင်ကျန်း၌ ထိန်းသိမ်းခံထားရကြောင်း ကုလသမဂ္ဂက ‌ပြောသည်။ ထို‌ဒေသတွင် လူမျိုးတုံးသတ်ဖြတ်မှုအပါအဝင် လူသားတို့အပေါ် ကျူးလွန်သည့် ပြစ်မှုများ ဖြစ်ပေါ်နေသည်ဟု ဘာသာရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူ အစုအဖွဲ့များ နှင့် အခြားသူများက ပြောဆိုထားကြသည်။

စွပ်စွဲချက်များကို ပေကျင်းက ငြင်းဆန်သည်။ CECC သည် တရုတ်ကို သားပုပ်လေလွင့်ပြောရန် အလိမ်အညာ ‌ပေါင်းစုံနှင့် ဖန်တီးလုပ်ဆောင်မှုကို စွဲလမ်းနေခဲ့သည်ဟုလည်း ဝါရှင်တန်ရှိ တရုတ်သံရုံးက ဇန်နဝါရီ ၁၄ ရက်တွင် ပြောခဲ့သည်။

“လူမျိုးတုံးသတ်ဖြတ်မှု ဆိုတာတွေက တရုတ်ဆန့်ကျင်ရေး အစုအဖွဲ့အချို့က တမင်တကာ စခဲ့တဲ့ ကောလာဟလတစ်ခုပါပဲ၊ ဒါက တရုတ်ကို သိက္ခာကျစေဖို့ ရည်ရွယ်တဲ့ အဓိပ္ပါယ်မရှိတဲ့ ကိစ္စတစ်ခုပါ” ဟု သံရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

ရှင်ကျန်း‌ဒေသတွင် ရက်စက်ယုတ်မာသော လုပ်ရပ်များ ကျူးလွန်နေသလား ဆိုသည်နှင့်ပတ်သက်၍ အမေရိကန်၏ တရားဝင် စူးစမ်းတွက်ချက်စစ်ဆေးမှုတစ်ခု လုပ်ဆောင်ရေး CECC အစီရင်ခံစာတွင် တောင်းဆိုခဲ့သည်။

သမ္မတ ‌ဒေါ်နယ်ထရမ့်၏ နေရာကို ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ဆက်ခံမည့် ဇန်နဝါရီ ၂၀ မတိုင်မီ တာဝန်ထမ်းဆောင်မှု နောက်ဆုံးရက်များတွင် ရောက်ရှိနေသော နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးကလည်း ထို စူးစမ်းစုံစမ်းတွက်ချက်မှုနှင့်ပတ်သက်၍ ချင့်ချိန်စဉ်းစားနေခဲ့ပြီးဖြစ်သည်။

သို့သော် လက်ရှိကာလ ဝါရှင်တန်၌ ဝရုန်းသုန်းကား အခြေအနေများကြောင့် ထိုအချိန်ကာလမတိုင်မီ ‌ကြေညာချက်တစ်ရပ် ထွက်လာနိုင်ခြေနှင့်ပတ်သက်ပြီး တာဝန်ရှိသူများက အရေးမကြီးသည့်သဘောကိုသာ ‌ပြောထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required