ဟောင်ကောင်ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ၏ ထွက်ပြေးမှုကို ကူညီမှုသံသယဖြင့် လူ ၁၁ ဦးကို ​ဖမ်းဆီး  

ဟောင်ကောင်ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ၏ ထွက်ပြေးမှုကို ကူညီမှုသံသယဖြင့် လူ ၁၁ ဦးကို ​ဖမ်းဆီး  

ဇန်နဝါရီ ၁၄  

ပြီးခဲ့သည့်နှစ်က ထိုင်ဝမ်သို့ လှေဖြင့်ထွက်ပြေးရန်ကြိုးစားခဲ့သော ဟောင်ကောင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၁၂ ဦးကို အကူအညီပေးသည်ဟူသောသံသယဖြင့် ဟောင်ကောင်ရဲတပ်ဖွဲ့က လူ ၁၁ ဦးဖမ်းဆီးလိုက်ကြောင်း ဒေသတွင်းမီဒီယာက ဇန်နဝါရီ ၁၄ တွင် ဖော်ပြခဲ့သည်။ 

ဖမ်းဆီးခံရသူများတွင် အသက် ၁၈ နှစ်မှ ၇၂ နှစ်အကြားရှိ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး သုံးဦးပါဝင်သည်ဟု RTHK သတင်းဌာနက ဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့် ဩဂုတ်လက တရုတ်ပြည်မကြီး၌ ထိန်းသိမ်းခံခဲ့ရသော ဒီမိုကရေစီလိုလားသူ ၁၂ ဦးကို ကူညီရန် ကြိုးစားခဲ့သည့် ရှေ့နေ ဒန်နီရယ်ဝမ်လည်း အဖမ်းခံရသူများထဲတွင် အပါအဝင်ဖြစ်သည်။ 

ဝမ်က ရဲများသည် မနက် ၆ နာရီ၌ နေအိမ်တိုက်ခန်းသို့ရောက်လာခဲ့ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရေးသားထားသည်။ 

ရဲများက သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပြီး မှတ်ချက်တစ်စုံတစ်ရာမပေးခဲ့ပေ။  

၂၀၁၉ ခုနှစ်က ဟောင်ကောင်၌ အစိုးရဆန့်ကျင်ဆန္ဒပြမှုနှင့်ဆက်စပ်သော စွဲချက်များကို ရင်ဆိုင်ခဲ့ရသူ ဒီမိုကရေစီအရေးတက်ကြွသူ ဟောင်ကောင်သား ၁၂ ဦး ထွက်ပြေးရာတွင် ကူညီမှုသံသယဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသမီဒီယာများ၌ ဖော်ပြထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာက တရုတ်တရားရုံးသည် ၎င်းတို့အနက် တရားခံ ၁၀ ဦးအား တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ခုနစ်လမှ သုံးနှစ်အထိ အသီးသီးချမှတ်ခဲ့သည်။ ထိုကိစ္စကြောင့် တက်ကြွလှုပ်ရှားသူများအပေါ် ပြုမူဆက်ဆံပုံနဲ့ပတ်သက်ပြီး  နိုင်ငံတကာက စိုးရိမ်ခဲ့ကြသည်။  

အဖမ်းခံရချိန်က ဥပဒေအရ အရွယ်မရောက်သေးသူ နှစ်ဦးကိုလည်း ဟောင်ကောင်သို့ ပြန်ပို့ခဲ့သည်။ 

ထိန်းသိမ်းခံရသူများ၏ မိသားစုဝင်များသည် အလွတ်ရှေ့နေများကိုလည်း ငှားရမ်း၍မရကြောင်းနှင့် ဟောင်ကောင်အာဏာပိုင်များသည် တရုတ်တို့ဖမ်းဆီးမှုကို အားပေးကူညီနေသည်ဟု သံသယရှိကြောင်း ပြောဆိုခဲ့သည်။  

၂၀၂၀ ခုနှစ် ဇွန်က တရုတ်က ဟောင်ကောင်အပေါ် အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းပြီးကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်သည် ဟောင်ကောင်ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများအတွက် ခိုအောင်းရာဖြစ်လာခဲ့သည်။ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းလိုက်ခြင်းသည် သဘောထားကွဲလွဲသူများကို နှိမ်နင်းရန်နှင့် လွတ်လပ်မှုကို တားဆီးရန် ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း ဝေဖန်သူများက သုံးသပ်ခဲ့ကြသည်။ 

အမျိုးသားလုံခြုံရေးဥပဒေအရ ဖမ်းဆီးခံထားရသူ ၁၀၀ ထက်မနည်းရှိသည်။  

အမေရိကန်နှင့် ဥရောပနိုင်ငံများက တက်ကြွလှုပ်ရှားသူများကို လွှတ်ပေးရန်နှင့် ဟောင်ကောင်သို့ ပြန်ခွင့်ပေးရန် တောင်းဆိုထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly