ဝူဟန်ဗိုင်းရပ်စ်အကြောင်း ရေးသားထုတ်လွှင့်ခဲ့တဲ့ တရုတ်သတင်းထောက် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရ 

ဝူဟန်ဗိုင်းရပ်စ်အကြောင်း ရေးသားထုတ်လွှင့်ခဲ့တဲ့ တရုတ်သတင်းထောက် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရ 
Photo - AFP

ဒီဇင်ဘာ ၂၉  

ဝူဟန်မြို့မှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့တာတွေကို တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ တရုတ်သတင်းထောက် Zhang Zhan ဟာ  တနင်္လာနေ့မှာပဲ ထောင်ဒဏ်လေးနှစ်ချမှတ်ခံလိုက်ရတယ်လို့ သူမရဲ့ရှေ့နေက ပြောပါတယ်။ 

ရှေ့နေဟောင်းဖြစ်တဲ့ ကျန်းကျန် (Zhang Zhan) ရိုက်ကူးခဲ့တဲ့ ရောဂါဖြစ်ပွားမှု ကနဦးဖြစ်ရပ်တွေဟာ အငြင်းပွားမှုတွေကို ဖြစ်ပွားစေပြီး ပြဿနာဖြစ်အောင်လှုံ့ဆော်တယ်ဆိုတဲ့စွဲချက်တွေနဲ့ ရှန်ဟိုင်းတရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။  

ကျန်းကျန်က အစိုးရဟာ ပြည်သူတွေကို လုံလောက်တဲ့သတင်းအချက်အလက်မပေးဘဲ မြို့ကို ပိတ်ဆို့အမှောင်ချထားကြောင်းနဲ့ ဒါဟာ လူအခွင့်အရေး ချိုးဖောက်မှုကြီးဖြစ်ကြောင်း ဖေဖော်ဝါရီလတုန်းက ရေးသားပြောဆိုခဲ့ပါတယ်။ 

ကျန်းကျန်ရဲ့ live ထုတ်လွှင့်ချက်နဲ့ ရေးသားချက်တွေဟာ  လူမှုမီဒီယာပေါ် ပျံ့နှံ့သွားခဲ့ပြီး အာဏာပိုင်တွေက သတိထားမိခဲ့တာဖြစ်ပါတယ်။  

တရုတ်အာဏာပိုင်တွေဟာ ဒီနေ့အချိန်ထိ ၎င်းတို့ရဲ့ ကပ်ရောဂါတုံ့ပြန်မှုအပေါ် ဝေဖန်တဲ့ ဖော်ကောင် ရှစ်ယောက်ကို အပြစ်ပေးပြီးဖြစ်ပါတယ်။  

တရားရုံးက ကျန်းကျန်ဟာ အွန်လိုင်းမှာ မှားယွင်းတဲ့အချက်အလက်တွေ ဖြန့်ခဲ့တယ်လို့ ပြောဆိုခဲ့ပေမယ့် တရားရုံးမှာ သက်သေအထောက်အထားတွေကို အပြည့်အဝ ထုတ်ဖော်မပြခဲ့ဘူးလို့ ရှေ့နေ ကျန်းကီကီ (Zhang Keke) ကပြောပါတယ်။ 

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ ကျန်းကျန်ဟာ ဇွန်လကစလို့ အစာငတ်ခံဆန္ဒပြခဲ့ပြီး နှာခေါင်းအစာပိုက်ကတစ်ဆင့် အစားကျွေးနေရတဲ့အတွက် သူမရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေလည်း ရှိနေပါတယ်။ 

ရှေ့နေတွေရဲ့အဆိုအရ ကျန်းကျန်ရဲ့ကျန်းမာရေးဟာ ဆိုးရွားနေပြီး ခေါင်းကိုက်၊ မူးဝေကာ အစာအိမ်အောင့်တဲ့ဝေဒနာတွေခံစားနေရပါတယ်။ တရားရုံးကိုလည်း ဘီးတပ်ကုလားထိုင်နဲ့ လာခဲ့ရပါတယ်။ 

ကျန်းကျန်က သူ့ကို ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်ရင် အဆုံးထိ အစာငတ်ခံသွားမယ်လို့ ပြောဆိုထားတာကြောင့် ထောင်ထဲမှာ သေဆုံးသွားမှာကိုလည်း စိုးရိမ်တယ်လို့ သူမရဲ့ရှေ့နေအဖွဲ့ကပြောပါတယ်။  

တရုတ်ကွန်မြူနစ်အာဏာပိုင်တွေဟာ အနောက်နိုင်ငံတွေရဲ့ ဆန်းစစ်လေ့လာမှုကို လျှော့ချတဲ့အနေနဲ့ အတိုက်အခံတွေကို ရုံးတင်စစ်ဆေးတာကို ခရစ်စမတ်နဲ့နှစ်သစ်အားလပ်ရက်အကြားမှာ လုပ်တဲ့ အလေ့အထရှိပါတယ်။  

ကိုဗစ်-၁၉ ရဲ့မူလအစကိုလာစစ်ဆေးမယ့် WHO က ပညာရှင်အဖွဲ့ တရုတ်ကို မလာမီ သီတင်းပတ်တွေအလိုမှာပဲ သတင်းထောက်ကျန်းကျန်ကို ထောင်ဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။ 

ဝူဟန်မှာ ဒီနှစ်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ကပ်ရောဂါအခြေအနေအပေါ် မေးခွန်းထုတ်ချင်နေကြတဲ့ တခြား အတိုက်အခံတွေကို ကြောက်လန့်သွားအောင် အာဏာပိုင်တွေက ကျန်းကျန်ရဲ့ အမှုနဲ့ ဥပမာပေးလိုက်တာဖြစ်တယ်လို့ တရုတ်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ က သုတေသီနဲ့ အကြံပေးပုဂ္ဂိုလ် လီယိုလန်း ကပြောပါတယ်။ 

ဝူဟန်ကနေ သတင်းထုတ်လွှင့်ရေးသားခဲ့လို့ အာဏာပိုင်တွေရဲ့ထိန်းသိမ်းခြင်းခံရတဲ့ တရုတ်နိုင်ငံသားသတင်းထောက်လေးဦးအနက် ကျန်းကျန်ဟာ ပထမဆုံး တရားရင်ဆိုင်ရတာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly