ကပ်ရောဂါကို အနိုင်ပိုင်းဖို့ EU နိုင်ငံတွေ ကာကွယ်ဆေးထိုးနှံမှု စတင်

ကပ်ရောဂါကို အနိုင်ပိုင်းဖို့ EU နိုင်ငံတွေ ကာကွယ်ဆေးထိုးနှံမှု စတင်
Photo - AFP

ဒီဇင်ဘာ ၂၈ 

ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် ပျံ့နှံ့လာတာနဲ့အမျှ ကပ်ရောဂါဟာ နောက်ထပ် ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေမှာလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာစဉ်မှာပဲ EU နိုင်ငံတွေဟာ ကိုဗစ်-၁၉ ကို အနိုင်ယူဖို့ သော့ချက်အနေနဲ့ တနင်္ဂနွေနေ့ကစလို့ ကာကွယ်ဆေးထိုးနှံမှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ 

ပြင်သစ်၊ စပိန်၊ အီတလီ ၊ ဂရိ၊ ဆွီဒင်၊ ဂျာမနီ၊ ချက်သမ္မတနိုင်ငံတို့မှာ  ကျန်းမာရေးဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့၊ နိုင်ငံ့အကြီးအကဲတချို့ဟာ ကာကွယ်ဆေးထိုးနေကြပြီဖြစ်ပါတယ်။ 

မနှစ်က တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်း လူပေါင်း ၁.၇၆ သန်းထက်မနည်းသေဆုံးပြီး သန်း ၈၀ ကျော် ရောဂါကူးစက်ခံထားရပြီဖြစ်ပါတယ်။

ကပ်ရောဂါကိုဆိုးဆိုးရွားရွားခံနေရတဲ့အခြေအနေကနေ ပုံမှန်ဘဝကိုပြန်ရဖို့ ကာကွယ်ဆေးဟာ မျှော်လင့်ချက်တစ်ခုဖြစ်ပါတယ်။ 

စစ်တမ်းတွေအရ ဥရောပနိုင်ငံသားအတော်များများက  ကာကွယ်ဆေးထိုးနှံဖို့ ဆန္ဒမရှိကြဘဲ ဒါဟာ ဗိုင်းရပ်စ်ကို အောင်နိုင်ဖို့ အဟန့်အတားဖြစ်စေသလို တစ်ဖက်မှာလည်း လူဦးရေအများအပြားကို ကာကွယ်ဆေးထိုးဖို့ဆိုတာ လနဲ့ချီပြီး ကြာမှာဖြစ်ပါတယ်။ 

အီတလီမှာ Pfizer-BioNTech ကာကွယ်ဆေးကို ပထမဆုံးထိုးခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် သူနာပြု ကလော်ဒီယာ အလီဗာနင်နီက “ဒီနေ့ ကျွန်မ ကာကွယ်ဆေးထိုးလိုက်ရတာကို အရမ်းကိုဂုဏ်ယူမိပြီး တာဝန်ကျေသွားတယ်လို့ ခံစားမိပါတယ်” လို့ဆိုပါတယ်။ 

ဆွီဒင်နိုင်ငံမှာလည်း သက်ကြီးရွယ်အိုတွေကို ဦးစားပေးပြီး ကာကွယ်ဆေးတွေ ထိုးပေးနေပြီဖြစ်ပါတယ်။ 

ချက်နိုင်ငံမှာလည်း အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် အန်ဒရေး ဘာဘစ်က စံနမူနာပြတဲ့အနေနဲ့ နိုင်ငံတွင်းမှာ ပထမဆုံးကာကွယ်ဆေးထိုးခံခဲ့ပါတယ်။ 

အန်ဒရေးက “မနေ့က အီးယူကနေ ရောက်လာတဲ့ ကာကွယ်ဆေးဟာ မျှော်လင့်ချက်တစ်ခုပါ။ လူတွေကို ပုံမှန်ဘဝပြန်ရောက်စေမယ်ဆိုတဲ့ မျှော်လင့်ချက်ပဲဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးက ကျွန်တော် ကာကွယ်ဆေးထိုး/ မထိုး စောင့်ကြည့်ဦးမယ်လို့ တီဗီချန်နယ်တစ်ခုမှာ ဖြေတာတွေ့လိုက်ရတော့ ဥပမာအနေနဲ့ ကာကွယ်ဆေးထိုးဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါကြောင့် ဒီနေ့ ဆေးရုံလာခဲ့တာပါ။ လူတွေ ကာကွယ်ဆေးထိုးဖို့ မကြောက်အောင် ကျွန်တော်က ဥပမာပြသင့်တယ်လေ။ ကျန်းမာရေးဝန်ကြီးလည်း ကာကွယ်ဆေးထိုးခံမှာပါ” လို့ပြောပါတယ်။ 

တရုတ်၊ ရုရှား၊ ကနေဒါ၊ အမေရိကန်၊ ဆွစ်ဇာလန်၊ ဆားဘီးယား၊ စင်္ကာပူနဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့လည်း ကာကွယ်ဆေးထိုးမှုအစီအစဉ်တွေ စတင်ပြီးပြီဖြစ်ပါတယ်။ 

ဗြိတိန်မှာ တွေ့ရှိခဲ့တဲ့ ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်ဟာ ဂျပန်နဲ့ကနေဒါအပါအဝင် ဥရောပနိုင်ငံအများအပြားကို ရောက်ရှိနေပြီဖြစ်ပါတယ်။

ပညာရှင်တွေကလည်း  ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ရောဂါတွေပိုမိုပျံ့နှံ့မှာကို စိုးရိမ်နေကြပါတယ်။ အဆိုပါ ဗိုင်းရပ်စ်သစ်ကြောင့်ပဲ နိုင်ငံပေါင်း ၅၀ ကျော်လောက်ဟာ ဗြိတိန်နဲ့ပတ်သက်ပြီး ခရီးသွားလာမှုကန့်သတ်ချက်စည်းမျဉ်းတွေ ထုတ်ပြန်ခဲ့ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required