ဆမွတ်ဆာခွန်းရှိ  မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့ကို စက်ရုံပိုင်ရှင်က ထွက်ခွါခိုင်း  

ဆမွတ်ဆာခွန်းရှိ  မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့ကို စက်ရုံပိုင်ရှင်က ထွက်ခွါခိုင်း  

ဒီဇင်ဘာ ၂၃  

ကိုဗစ်-၁၉ ရောဂါကူးစက်မှုများဖြစ်ပွားနေသည့် ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်းခရိုင်ရှိ စက်ရုံတစ်ရုံမှ မြန်မာအလုပ်သမား ၁၄ ဦးသည် ထိုနေရာမှ အလျင်စလို နှင်ထုတ်ခံခဲ့ရပြီး အနီးရှိ ဆမွတ်ပရာကန်ခရိုင်က ဘန်ဖလီမြို့သို့ အင်္ဂါနေ့ညက ပို့ဆောင်ခံခဲ့ရသည်။ 

ထိုရွှေ့ပြောင်းအလုပ်သမားများသည် ရာချာသီဝါရပ်ကွက် ဘန်နာထရက်လမ်းမရှိ Green Lake အိမ်ယာပေါက်မှ Soi Green Lake ကန်အနီးတွင် အိတ်များနှင့်အတူ ချထားခံခဲ့ရကြောင်း   Bang Kaew ရဲစခန်းမှ ည ၁၁ နာရီခန့်တွင် သတင်းရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် ခြောက်ဦးတွင်သာ နိုင်ငံကူးလက်မှတ်ရှိသည်။ 

ရွှေ့ပြောင်းအလုပ်သမားများက ဆမွတ်ဆာခွန်းခရိုင် မူအန်းမြို့ရှိ STI ပလတ်စတစ်ကုမ္ပဏီတွင် တစ်လခန့် အလုပ်လုပ်ခဲ့ပြီး စက်ရုံကို ရဲများလာစစ်မည်ဟု ကုမ္ပဏီတာဝန်ရှိသူက အင်္ဂါနေ့ညနေက ပြောသဖြင့် ထွက်ခွါလာခဲ့သည်ဟု ဆိုသည်။ 

အလုပ်သမား ၂၃ ယောက်ကိုလည်း ရာယွန်ခရိုင်ရှိ လုပ်ငန်းနေရာများသို့ ပို့ဆောင်ခဲ့သည်ဟု ၎င်းတို့က ပြောပြသည်။ တချို့အလုပ်သမားများမှာ လမ်းတွင်ပင် ကားပေါ်မှ ခုန်ချခဲ့ကြပြီး ကျန်ရှိနေသော ၁၄ ယောက်ကို ရာယွန်ရှိ တောထဲတစ်နေရာသို့ခေါ်လာခဲ့သည်ဟု ဆိုသည်။ 

အလုပ်သမားများက တောထဲတွင်နေရန်ငြင်းဆန်ကာ Soi Green Lake ရှိစက်ရုံတစ်ရုံတွင်အလုပ်လုပ်နေသော ဆွေမျိုး၊ သူငယ်ချင်းများထံ ပို့ပေးရန် ကားသမားကို တောင်းဆိုခဲ့ကြသည်။  

အလုပ်သမားများက ဆမွတ်ဆာခွန်းမှလာသဖြင့် စက်ရုံပိုင်ရှင်က လက်ခံရန်ငြင်းဆန်ခဲ့ပြီး ကားသမားက Green Lake  အိမ်ယာပေါက်တွင် ချထားခဲ့ခြင်းဖြစ်သည်။ 

မြန်မာရွှေ့ပြောင်းအလုပ်သမားများက ၎င်းတို့မှာ ကိုဗစ်-၁၉ ရောဂါမရှိကြောင်းနှင့် အကူအညီလိုအပ်နေကြောင်း ရဲများကို ပြောခဲ့သည်။ ဒေသဆိုင်ရာကျန်းမာရေးတာဝန်ရှိသူများက ရွှေ့ပြောင်းအလုပ်သမားများဆီမှ ဓာတ်ခွဲနမူနာများယူထားပြီး ၎င်းတို့ကို သီးသန့်ထားရှိခဲ့သည်။ 

ရဲများက ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်ရှင်နှင့်အဆက်အသွယ်ရရှိရန် လုပ်ဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly