ဒီဇင်ဘာ ၂၃
ဗြိတိန်တွင် ကူးစက်ပြန့်နှံ့လွယ်သော ကိုရိုနာဗိုင်းရပ်စ်သစ်တစ်မျိုးပေါ်ထွက်လာပြီးနောက် ၎င်းနိုင်ငံမှ လာမည့် ဂျပန်လူမျိုးမဟုတ်သူများကို ပြည်ဝင်ခွင့်တားမြစ်မည်ဖြစ်ကြောင်း ဂျပန်အစိုးရ၏ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
ကမ္ဘာ့နိုင်ငံအများအပြားကလည်း ဗိုင်းရပ်စ်မျိုးကွဲသစ်ကို စိုးရိမ်ကြောက်ရွံ့သဖြင့် တနင်္လာနေ့ကစပြီး ဗြိတိန်မှ ဝင်ရောက်ခွင့်များကို ပိတ်ပင်ခဲ့ကြသည်။
“အစိုးရအနေနဲ့ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီးဖို့ နယ်စပ်ထိန်းချုပ်မှုအဆင့်များကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ယူကေကို မသွားဖို့လည်း ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်” ဟု ကက်ဘိနက်အတွင်းရေးမှူးအကြီးအကဲ ကာဆူနိုဘုကာတို က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။
ကာလရှည်နေထိုင်သောနိုင်ငံခြားသားများအပါအဝင် ဗြိတိန်မှပြန်လာသူများကို ကိုယ်တိုင် ၁၄ ရက် ကန့်သတ်နေထိုင်ခိုင်းမည်ဖြစ်သည်။
လာမည့်သီတင်းပတ်မှစ၍ ဗြိတိန်ပြန်ဂျပန်လူမျိုးများကိုလည်း ကိုဗစ်-၁၉ ကင်းစင်ကြောင်း ၇၂ နာရီအတွင်းစစ်ထားသည့် ဆေးစစ်ချက်ကို တင်ပြရမည်ဟု ညွှန်ကြားထားသည်။
ဂျပန်အစိုးရနေဖြင့် သတင်းအချက်အလက်များကို စုဆောင်းခြင်း၊ ယူကေတွင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်၏ သက်ရောက်မှုများကို လေ့လာခြင်းနှင့် ဂျပန်ကုမ္ပဏီများနှင့်စပ်လျဉ်းသော UK-EU ကုန်သွယ်ရေး ဆွေးနွေးမှုများလုပ်ဆောင်နေကြောင်း ကာတိုကပြောသည်။