မြန်မာတွင် မြေမြှုပ်မိုင်းကြောင့် ဆယ်စုနှစ်တစ်ခုအတွင်း ထိခိုက်၊ သေဆုံးသူ ၅၀၀၀ ခန့်ရှိ

မြန်မာတွင် မြေမြှုပ်မိုင်းကြောင့် ဆယ်စုနှစ်တစ်ခုအတွင်း ထိခိုက်၊ သေဆုံးသူ ၅၀၀၀ ခန့်ရှိ
Photo: AFP

ဒီဇင်ဘာ ၂၁၊ ၂၀၂၀

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၁၉၉၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုတာ ကာလအတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အသုံးပြုနေသော မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူနှင့် သေဆုံးသူ ငါးထောင်နီးပါး ရှိကြောင်း မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံဆော်ရေးအဖွဲ့က ပြောသည်။

နိုင်ငံပေါင်း ၁၀၀ ခန့်တွင် ဖြန့်ကြက်လုပ်ဆောင်နေသည့် မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံဆော်ရေးအဖွဲ့ (ICBL) ၏ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်း အစီရင်ခံစာ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ICBL ၏ သုတေသီ ယက်စ်ဟူဆွာ မိုဆွာ ပူအန်စူဝမ်က သတင်းထောက်များကို ပြောသည်။

“ငါးထောင်လောက်ဆိုတာ ကျွန်တော်တို့ မြေမြှုပ်မိုင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်မှု စတင်ခဲ့တဲ့ အချိန်ကနေ လက်ရှိအချိန်အထိ ရတဲ့စာရင်းပါ။ ဒါ ကျွန်တော်တို့ အနည်းဆုံးလို့ သုံးထားတာပါ။ အနည်းဆုံး သုံးထားတာ ဖြစ်တဲ့အတွက်ကြောင့် ဒီထက်အများကြီး ပိုနိုင်ပါတယ်။ ဒီထက်အများကြီး ပိုလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ စာရင်းရထားတာလေးကို ဖော်ပြထားတာ ငါးထောင်နီးပါးပါ။ ဒီထက်အများကြီး ပိုနိုင်ပါတယ်” ဟု သုတေသီ ယက်စ်ဟူဆွာ မိုဆွာ ပူအန်စူဝမ်က ပြောသည်။

မြေမြှုပ်မိုင်းဒဏ်ကြောင့် ထိခိုက်၊ သေဆုံးမှု အများဆုံး ခံစားရသည့် ပြည်နယ်များမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ဖြစ်ပြီး မြေမြှုပ်မိုင်းမှန်းမသိ၍ ထိတွေ့ကိုင်တွယ်မိရာမှ ပေါက်ကွဲခြင်းနှင့် မိုင်းအန္တရာယ်ရှိသည့် နေရာများတွင် အဓမ္မစေခိုင်းခံရ၍ သေဆုံးမှုများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။ 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကမ္ဘာ့အစိုးရ စုစုပေါင်း ၈၀ ရာခိုင်နှုန်းဖြစ်သော နိုင်ငံပေါင်း ၁၆၄ နိုင်ငံက မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်ကို လက်ခံကျင့်သုံးနေသကဲ့သို့ ထပ် ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ အသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်း သဘောတူစာချုပ်ကို နိုင်ငံပေါင်း ၁၂၃ နိုင်ငံက လက်ခံကျင့်သုံးနေကြသော်လည်း မြန်မာနိုင်ငံသည် ယင်းစာချုပ်နှစ်ခုစလုံးတွင် လက်မှတ် မရေးထိုးရသေးကြောင်း ICBL က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး လုပ်ငန်းများ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ စတင်ကာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ ၁၉၀၀ ခန့်ရှိပြီး မြေမြှုပ်မိုင်းကြောင့် နေ့စဉ် လူတစ်ဦးနှုန်း သေဆုံးနေရကြောင်းလည်း သုတေသီ ယက်စ်ဟူဆွာ မိုဆွာ ပူအန်စူဝမ်က ပြောသည်။

ဒေသခံများ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေရသည့် နေရာများတွင် မိုင်းပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် နေ့စဉ်နှင့်အမျှ စိုးရိတ်စိတ်များ ရှိနေကြကြောင်း ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက ပြောသည်။

“ဒေသခံတွေအနေနဲ့ နိစ္စဓူဝ အလုပ်အကိုင် စားသောက်နေရတဲ့ အနေအထားမှာ ရွာပြင်ထွက်ပြီးတော့ လယ်ယာတွေ သွားရတဲ့ဟာ ရှိတယ်။ တောတောင်တွေ သွားရတဲ့ဟာ ရှိတယ်။ မလွဲမရှောင် သွားလာရမယ့် အနေအထားမျိုးတွေမှာ တိုက်ပွဲတွေမရှိဘဲ လွတ်လွတ်လပ်လပ် စားသောက်လို့ရမယ့် အနေအထားမျိုးကို မျှော်လင့်ကြမှာပဲ။ မိုင်းထိတယ်ဆိုတဲ့ဟာတွေကို ထပ်ပြီးကြုံနေရရင် လွတ်လွတ်လပ်လပ် သွားဖို့အတွက်ကို နိစ္စဓူဝ စိတ်ပူပန်မှုတွေက ရှိနေတာပဲ” ဟု စောစံငြိမ်းသူက ပြောသည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲဖော်ဆောင်ရာတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်နစ်နာစေမည့် ကိစ္စရပ်မျိုးကို မလုပ်ဆောင်သင့်ကြောင်းလည်း စောစံငြိမ်းသူက တိုက်တွန်းသည်။

အစီရင်ခံစာထုတ်ပြန်သည့် ICBL  အဖွဲ့သည် နိုင်ငံတကာ မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်ထားဆီးရေးနှင့် ပတ်သက်ပြီး လေ့လာတွေ့ရှိထားသည့် မြေမြှုပ်မိုင်း သုတေသနအစီရင်ခံစာကို နှစ်စဉ် ထုတ်ပြန်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြောင့် တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့သည် မြေမြှုပ်မိုင်းကို လက်ရှိအချိန်ထိ ဆက်လက် အသုံးပြုနေကြဆဲဖြစ်ပြီး မြန်မာနိုင်ငံသည် အာရှဒေသများအနက် မြေမြှုပ်မိုင်း အသုံးပြုမှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်ကြောင်းလည်း နိုင်ငံတကာမြေမြှုပ်မိုင်း တားဆီးရေးအဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required