ရေခဲတုံးတွေနဲ့ မှန်ခန်းထဲ အချိန်အကြာဆုံးနေပြပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့တဲ့ ပြင်သစ် ‘ရေခဲလူသား’ 

ရေခဲတုံးတွေနဲ့ မှန်ခန်းထဲ အချိန်အကြာဆုံးနေပြပြီး ကမ္ဘာ့စံချိန်သစ်တင်ခဲ့တဲ့ ပြင်သစ် ‘ရေခဲလူသား’ 
Photo - AFP

ဒီဇင်ဘာ ၂၀

ပြင်သစ်နိုင်ငံသားတစ်ဦးဖြစ်တဲ့ ရိုမိန်း ဗန်ဒါဒေါ့ပ်ဟာ ဒီဇင်ဘာ ၁၉ ရက်က မှန်ခန်းတစ်ခုထဲမှာ ရေခဲတုံးတွေအကြား အချိန်အကြာဆုံး စိမ်မြှုပ်နေပြပြီး ကမ္ဘာ့စံချိန်တစ်ခုကို တင်ခဲ့ပါတယ်။  

သူဟာ ကင်ဆာရောဂါခံစားနေကြရတဲ့ ကလေးငယ်တွေအတွက် ရန်ပုံငွေမတည်ဖို့အတွက် ဒီလို ထူးကဲပြင်းထန်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ကျော်ဖြတ်ပြခဲ့တာဖြစ်ပါတယ်။ 

အဆိုပါ အသက် ၃၄ နှစ်အရွယ် ကျန်းမာရေးအမှုထမ်းတစ်ဦးဖြစ်တဲ့ ဗန်ဒါဒေါ့ပ်ဟာ ပြင်သစ်နိုင်ငံမြောက်ပိုင်း ဝက်ထရီလိုစ် မြို့မှာ မှန်ခန်းတစ်ခုထဲမှာ ဝင်ပြီး ၎င်းရဲ့ လည်ပင်းနားအထိ ရေခဲတုံးလေးတွေနဲ့ ဖုံးလွှမ်းမြှုပ်နှံခံရင်း အချိန် နှစ်နာရီ၊ ၃၅ မိနစ်၊ ၄၃ စက္ကန့်အထိ ကြာအောင် နေပြခဲ့သူဖြစ်ပါတယ်။ ဒါဟာ ယခင် စံချိန်ဖြစ်တဲ့ မိနစ် ၄၀ ကိုလည်း ကျော်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။ 

၎င်းဟာ စိတ်ကူးယဉ်မှု အခြေအနေတစ်ခုဆီ သူ့ကိုယ်သူ ရောက်ရှိစေမယ့် စိတ်အာရုံနဲ့ စူးစိုက်မှုအပေါ် အခြေခံတဲ့  စိတ်အာရုံတွေးမြင်မှု နည်းစနစ်တွေနဲ့အတူ လူသားတို့ရဲ့ အကန့်အသတ်တွေကို ကျော်လွှားဖို့ လေ့ကျင့်ထားခဲ့တယ်လို့ ဗန်ဒါဒေါ့ပ်က ပြောပါတယ်။ 

ဒီစွမ်းဆောင်မှုကိုတော့ လူ ၅၀ ခန့်ရှေ့မှာ လုပ်ပြခဲ့တာဖြစ်ပြီး အောင်မြင်မှုရဖို့ ဗန်ဒါဒေါ့ပ်ရဲ့ မန္တန်က ရိုးရှင်းလှပါတယ်။ 

“ကျွန်တော်တို့ လေ့ကျင့်မယ်ဆိုရင်၊ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ အစွမ်းအားလုံးကို ပေးမယ်ဆိုရင် အရာကိစ္စတွေကို တိုးတက်စေနိုင်မယ့် ရလဒ်တွေကို ကျွန်တော်တို့ အောင်မြင်နိုင်၊ ရယူနိုင်ပါတယ်” လို့ ၎င်းက ပြောပါတယ်။ 

သူ့ရဲ့ လေ့ကျင့်မှု နည်းစနစ်တွေထဲမှာတော့ ရေခဲတမျှ အေးတဲ့ ရေချိုးကန်ထဲ ထိုင်တာ၊ ၅၀၀ လီတာ ရေခဲခံအခန်းတစ်ခုထဲမှာ လေ့ကျင့်တာတို့အပြင် ပြင်သစ် ချားမိုနစ် နှင်းလျှောစီး စခန်းမှာ နှင်းတွေအကြား မြှုပ်နှံခံပြီး လေ့ကျင့်တာတို့ ပါဝင်ခဲ့ပါတယ်။ 

သူ့ရဲ့ ဒီစွမ်းဆောင်မှုကနေ ရလာတဲ့ ငွေကြေးတွေကို Wonder Augustine ဆိုတဲ့ အဖွဲ့အစည်းတစ်ခုထံ လှူဒါန်းသွားဖို့ ဗန်ဒါဒေါ့ပ်က ရည်မှန်းထားပါတယ်။ Wonder Augustine အဖွဲ့အစည်းဆိုတာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်အကြာက သြဂတ်စတင်းလို့ ခေါ်တဲ့ အသက် လေးနှစ်အရွယ် ကလေးမလေးတစ်ဦး ဦးနှောက်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပြီးနောက် ဝက်ထရီလိုစ် မှာ တည်ထောင်ထားခဲ့တာ ဖြစ်ပါတယ်။  

“ဘယ်သူမဆို ဗန်ဒါဒေါ့ပ် ရေခဲတွေကြားမှာ ဆက်ပြီး နစ်မြုပ်နေနိုင်နေသမျှ မိနစ်တိုင်းအတွက် တစ်ယူရို လှူဒါန်းနိုင်ပါတယ်” လို့ အဖွဲ့အစည်း အကြီးအကဲ စတိဗ် ဒီ မာတို့စ်က ပြောပါတယ်။ 

ဗန်ဒါဒေါ့ပ်ကတော့ သြဂတ်စတင်း မကွယ်လွန်မီ ရက်အနည်းငယ်အကြာက လူချင်း တွေ့ဆုံထားခဲ့တာဖြစ်ပါတယ်။ 

ကင်ဆာရောဂါကို ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ကလေးငယ်တွေအတွက် သူ့ရဲ့ မက်ဆေ့ချ်ကတော့ အင်မတန် ရိုးရှင်းပါတယ်။ အဲဒါကတော့ “အမြဲတမ်း မျှော်လင့်ချက် ထားပါ” ပဲဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly