ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများရှိရာ မဟာချိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၅၀၀ ကျော် တွေ့ပြီး လော့ခ်ဒေါင်း ချ 

ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများရှိရာ မဟာချိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၅၀၀ ကျော် တွေ့ပြီး လော့ခ်ဒေါင်း ချ 

ဒီဇင်ဘာ ၂၀

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများရှိရာ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်ရှိ ပင်လယ်စာစျေးကြီးတစ်ခုနှင့် ဆက်စပ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၄၈ ဦး တွေ့ရှိကြောင်း ထိုင်းအာဏာပိုင်များက ဒီဇင်ဘာ ၁၉ ရက်ညပိုင်းက ကြေညာခဲ့သည်။ 

ယင်းသည် ကပ်ရောဂါ စဖြစ်ပြီးနောက်ပိုင်း နိုင်ငံတွင် တစ်ရက်တာအတွင်း ကူးစက်သူဦးရေ အများဆုံး မြင့်တက်မှုဖြစ်ခဲ့ပြီး ယခုအခါ အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် နိုင်ငံ၏ အကြီးဆုံးသော ပင်လယ်စာစျေးကြီးနှင့် အနီးပတ်ဝန်းကျင် ဧရိယာများကို လော့ခ်ဒေါင်းချထားလိုက်သည်။ 

တရုတ်နိုင်ငံ ပြင်ပ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံး တွေ့ရှိသည့် နိုင်ငံဖြစ်ခဲ့သော်ငြား ထိုင်းနိုင်ငံသည် ကပ်ရောဂါကြောင့် အများအားဖြင့် မထိမရှ ရှိထားခဲ့ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄,၀၀၀ ကျော်နှင့် သေဆုံးသူ ၆၀ မျှသာ ရှိထားခဲ့သည်။ 

သို့သော် ဘန်ကောက်၏ အနောက်တောင်ဘက်ရှိ ဆမွတ်ဆာခွန်း မဟာချိုင်တွင် ကူးစက်မှုများ ရုတ်တရက် တိုးလာမှုကို ကြုံတွေ့ခဲ့ရသည်။ 

“ပုစွန်စျေးကို တင်းကျပ်တဲ့ ရောဂါထိန်းချုပ်ရေး ဧရိယာတစ်ခု ဖြစ်တယ်လို့ ကျွန်တော်တို့ ကြေညာထားလိုက်ပါပြီ” ဟု ခရိုင် အုပ်ချုပ်ရေးမှူး ဗီရာဆက်ခ် ဗီဂျစ်ဆာအန်စရီက ပြောခဲ့သည်။ 

စျေးနှင့် အနီးဝန်းကျင်အတွက် တင်းကျပ်သည့် လော့ခ်ဒေါင်းတစ်ရပ်နှင့် ကာဖျူးအမိန့်တို့ကို ဇန်နဝါရီလအစောပိုင်းအထိ ချမှတ်ထားလိုက်ပြီဖြစ်ရာ ယင်းက စာသင်ကျောင်းများ၊ အားကစားရုံများ၊ အားကစားကွင်းများနှင့် ရှောပင်းမောလ်များကို သက်ရောက်မည်ဖြစ်သည်။ 

သို့သော် တနင်္ဂနွေနေ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲများကိုမူ မဲပေးသူများ နှာခေါင်းစည်းတပ်ထားသမျှကာလပတ်လုံး မူလစီစဉ်ထားသည့်အတိုင်း ဆက်လုပ်သွားမည်ဟု မျှော်လင့်ရသည်။ 

နိုင်ငံခြား လုပ်သားများကို ယင်းခရိုင်မှ ပြင်ပထွက်ခွာမှုအပေါ် တားမြစ်ထားသည်။ 

“စုစုပေါင်း အရေအတွက်က ၅၄၈ ဦးပါ၊ အဲဒီအထဲက ၉၀ ရာခိုင်နှုန်းက ရောဂါလက္ခဏာ ဘာမှမပြပါဘူး၊ သူတို့ထဲက အများစုက ပြည်ပလုပ်သားတွေပါ” ဟု ရောဂါထိန်းချုပ်ရေးဌာနမှ ညွန်ကြားရေးမှူးချုပ် အိုပက်စ် ကန်ကာဗင်ဝေါင်က ပြောသည်။ 

အလားတူ ဗိုင်းရပ်စ် စစ်ဆေးမှုများတွင် ညှိနှိုင်းချိတ်ဆက်လုပ်ဆောင်နေသော ရက်စ်ထိုင်းဖောင်ဒေးရှင်း ဦးမိုးကျော်သူကလည်း သီတင်းပတ်ကုန်တွင် လူ ၄,၀၀၀ ကို စစ်ဆေးသွားရန် ရည်မှန်းထားသည်ဟု ပြောခဲ့သည်။ 

“မဟာချိုင်မှာ ရှိတဲ့ လူဦးရေကတော့ အကြမ်းဖျင်းအနေနဲ့ ၇၀ ရာခိုင်နှုန်းက ထိုင်းတွေဖြစ်ပြီး ၃၀ ရာခိုင်နှုန်းလောက်ကတော့ ရွှေ့ပြောင်းလုပ်သားတွေပါ၊ ဒီတော့ ဆိုလိုနိုင်တာက ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့တဲ့ ရင်းမြစ်က ရွှေ့ပြောင်းလုပ်သားတွေဆီက လာတာဖြစ်နိုင်ပါတယ်၊ အထူးသဖြင့် မြန်မာလုပ်သားတွေပေါ့” ဟု ၎င်းက ပြောသည်။ 

မြန်မာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၁၅,၀၀၀ ကျော် ရှိနေပြီး ထိုင်းအာဏာပိုင်တို့သည် ပြီးခဲ့သည့်လများအတွင်း နယ်စပ်ထိန်းချုပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly